
AB News – ဇူလိုင် ၁၇ ၊ ၂၀၂၅
ချန်ဒြာ
လူအများသောက်သုံးနေကြသော ရက္ခိုင်ပြည်တွင်းထုတ် တောအရက်မှာ စနစ်တကျ ပေါင်းခံချက်လုပ်ထားခြင်းမဟုတ်ဘဲ လူကိုသေစေနိုင်သော မယ်သနော (Methanol) အဆိပ်ဓာတ် ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းထိ ပါဝင်နေကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။
မီးလိုက်အရက် ၊ မီးတောက်အရက်၊ မီးတိုက်သည့်အခါ ဖြူတောက်တောက် အဖြူညီးညီး ဖြစ်နေသည်မှာ မယ်သနောဓာတ်များများပါနေပြီး ၎င်းမှာ အရက်စစ်မဟုတ်ဘဲ လူကိုသေစေသော အရက်သာဖြစ်ကြောင်း ပြောဆိုထားသည်။
မယ်သနောဓာတ် အဆမတန်ပါဝင်သော တောအရက်ကို ၃ လခန့် စွဲသောက်ရုံဖြင့် အသည်းခြောက်ပြီး ၊ ရေဖျင်းဆွဲခြင်း ( ဗိုက်ပူလာခြင်း) တို့ဖြစ်ပေါ်လာပြီး နောက်တွင် သွေးအန်ခြင်း ၊ ဗိုက်မဲလာခြင်း ၊ အသဲလုံးဝပြိုကျပသွားစီးခြင်းများဖြစ်ပြီး ကုသ၍ မရနိုင်သည့် အခြေနေသို့ ရောက်ရှိသွားနိုင်သည် ဟု ပြောဆိုထားသည်။
ထို့ပြင် BE အဆီကို ဖျော်သောက်နေကြသည့် ဘီအီးအရက်သည်လည်း မယ်သနောဓာတ်ပါဝင်မှု ပိုမိုများပြားသည့်အတွက် အသည်းခြောက်ရောဂါဖြင့် သေစေနိုင်သည် ဟု ပြောဆိုထားသည်။
ပြည်မထုတ်ဈေးကြီးသည့် အရက်များတွင်လည်း မယ်သနော အနည်းအများပါဝင်ပြီး သောက်သုံးပြီးသည့်အခါ ခေါင်းကိုက်လျှင် မယ်သနောပါဝင်မှု များနေသောကြောင့် ဖြစ်သည်။ မယ်သနော ခန္ဓာကိုယ်ထဲ ၁ ကြိမ် ဝင်ရောက်လျှင် ခန္ခာကိုယ်မှ အလုံးစုံ ဖယ်ရှားရန် ၉ လ ခန့် ကြာသည်ဟု သိရသည်။
လက်ရှိရက္ခိုင်တွင် တောအရက် သောက်သုံး၍ အသဲခြောက်ရောဂါဖြင့် သေဆုံးသူများရှိနေကြသည်ကိုလည်း Arakan Bay News ကတွေ့ရှိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလကမှစ၍ ရက္ခိုင်ပြည်တွင်းတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြည်ပနဲ့ ပြည်မထုတ် ယစ်မျိုးကုန်များ ရောင်းချသောက်သုံးခွင့်ကို ကန့်သတ်တားမြစ်ထားသည့်တွက် ဒေသတွင်းတွင် ဆန်အရက် (တောအရက်)၊ အုန်းရည်အရက် (ဓနိရည်ချက်အရက်)များကို အဓိက ချက်လုပ်ရောင်းချပြီးသောက်သုံးနေကြရသည်။