
AB News – မတ် ၂၇ ၊ ၂၀၂၅
ရက္ခိုင်တွင် မတ်လ ၁၉ ရက်မှ ၂၅ ရက်အတွင်း စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၁၉ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် ၅ ဦးသည် ရွာချောင်းမှ တွေ့ရှိသည့် စစ်ကျန်ဗုံးသီးကို မီးပုံထဲသို့ ထည့်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ဌေးဦး သေဆုံးခဲ့ပြီး ကျန် ၄ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၂၀ ရက် နံနက်ပိုင်းတွင် သံတွဲမြို့နယ်၊ ရေဖြူအိုင်ကျေးရွာအနီး၌ ထင်းခုတ်သွားသည့် မောင်ဆန်းဝင်းသည် ယခင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြှုပ်နှံထားခဲ့သည့် မိုင်းကို နင်းမိရာမှ ညာဘက်ခြေထောက် ပြတ်တောက်သွားခဲ့သည်။
မတ်လ ၂၁ ရက် ညနေပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာမှ ဦးကျော်မြင့်သည် စာသင်ကျောင်းနှင့် ဆီဆိုင်ကြား လမ်းတွင် သွားလာစဉ် စစ်ကျန်မိုင်းတစ်လုံးကို နင်းမိရာမှ ညာဘက်ခြေထောက်နှင့် ညာဘက်ဆီးခုံတွင် ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။
မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ဦးပိန်ညိုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြှုပ်နှံထားခဲ့သည့် မိုင်းကို နင်းမိရာမှ ညာဘက်ခြေထောက် ပြတ်တောက်သွားခဲ့သည်။
ရက္ခိုင်တွင် မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း မင်းပြားမြို့မှ ဒေသခံအမျိုးသမီး ၁ ဦးက AB News သို့ပြောသည်။
“ရွာတော်တော်များများက ပြည်သူတွေဟာ စစ်ကျန်မိုင်းတွေ၊ ဗုံးသီးတွေနဲ့ နေထိုင်နေကြရတယ်။ ဒါကြောင့် အခုလို အသက်အိုးအိမ်ဆုံးရှုံးမှုတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွေကို ကြုံတွေ့နေရတယ်” ဟု သည်။
အာရက္ခတပ်တော်က လွတ်မြောက် နယ်မြေများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နေသော်လည်း ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ စစ်ကျန်လက်နက်အန္တရာယ်များနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။