
လက်ခံရန် ငြင်းဆန်ပါက သက်ဆိုင်ရာရုံးများတွင် တိုင်ကြားနိုင်
AB News – သြဂုတ် ၁၅၊ ၂၀၂၅
ရက္ခိုင်တွင် လက်ရှိ ကြုံတွေ့နေရသော ငွေစက္ကူရှားပါးမှု အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြည်သူများအား ဟောင်းနွမ်းနေသော ငွေစက္ကူများကို လက်ခံသုံးစွဲကြရန် တိုက်တွန်းထားသည်။
အဆိုပါ ငွေစက္ကူများကို လက်ခံရန် ငြင်းဆန်သူများရှိပါက သက်ဆိုင်ရာဌာနများတွင် တိုင်ကြားနိုင်ကြောင်းကိုလည်းထုတ်ပြန်ကြေညာထားသည်။
အသိပေး ကြေညာချက်တွင် လက်ရှိ ရက္ခိုင်ဒေသ၌ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်တန် ဟောင်းနွမ်းငွေစက္ကူများကို လက်မခံလိုခြင်းနှင့် ပေးချေသုံးစွဲ၍မရခြင်းများ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ဒေသတွင်း စီးပွားရေးလည်ပတ်မှုများ ပုံမှန်ဖြစ်စေရန်အတွက် အလွန်အမင်း စုတ်ပြဲနေသည့် ငွေစက္ကူများ မဟုတ်ဘဲ သာမန်ဟောင်းနွမ်းနေသော ငွေစက္ကူများနှင့် စစ်မှန်မှုရှိကြောင်း ထင်ရှားသည့် ငွေစက္ကူများကို လက်ခံသုံးစွဲကြရန် တိုက်တွန်းထားသည်။
မြောက်ဦးမြိုခံ တစ်ဦးက “ဒီကြေညာချက်က ကောင်းပါတယ်။ အခုနောက်ပိုင်း ငွေစက္ကူနည်းနည်းလေး ဟောင်းတာနဲ့ လက်မခံချင်ကြတော့ စျေးဝယ်ရတာ အခက်အခဲရှိတယ်။ အခုလို အသိပေးလိုက်တော့ ပိုကောင်းသွားတယ်” ဟု ဆိုသည်။
မောင်တောမြိုခံတစ်ဦး ဖြစ်သည့် အမျိုးသမီးတစ်ဦးကလည်း “အခုဆို အရင်ကထက် ငွေစက္ကူတွေ ပိုရှားလာတယ်။ ဟောင်းနွမ်းတာကို လက်မခံဘူးဆိုတော့ အိမ်မှာပဲစုထားရတာတွေ ရှိတယ်။ ခုတော့ စျေးရောင်းစျေးဝယ်သမားတွေလည်း ပိုပြီး လက်ခံပေးလာမယ်ဆိုရင် အားလုံးအတွက် အဆင်ပြေမှာပါ” ဟုဆိုသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက်သည် ဒေသခံပြည်သူများ၏ ငွေကြေးဆိုင်ရာ အခက်အခဲများကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ရက္ခိုင်ဒေသတွင် စစ်ပွဲများကြောင့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းနေသည့် မြိုနယ်များစွာရှိပြီး ငွေကြေးသုံးစွဲမှုတွင် အခက်အခဲများ ကြုံတွေ့နေကြသည်။
အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူများသည်လည်း စားဝတ်နေရေးအတွက် အလှူအတန်းများနှင့် မေတ္တာရပ်ခံခြင်းကိုသာ အားကိုးနေရပြီး ယခုကဲ့သို ထုတ်ပြန်လိုက်ခြင်းကြောင့် ၎င်းတိုအတွက် များစွာအထောက်အကူ ဖြစ်စေခဲ့ကြောင်း သိရသည်။
မင်းပြားမြိုနယ်ရှိ စစ်ဘေးရှောင် စခန်းတစ်ခုမှ စစ်ဘေးရှောင်တစ်ဦး က “စစ်ဘေးရှောင်စခန်းမှာ နေလာတာကြာပြီ။ အလှူရှင်တွေဆီကရတဲ့ ငွေအကြွေလေးတွေ၊ ဟောင်းနေတဲ့ငွေစက္ကူလေးတွေကို တစ်ခါတလေ ဘယ်မှသုံးမရဘဲ စုထားရတာတွေရှိတယ်။ ခုလို ထုတ်ပြန်ပေးလိုက်တော့ အဲဒီငွေလေးတွေကို စျေးဆိုင်တွေမှာ ပေးလိုရလာတော့ အသုံးဝင်သွားတယ်။ ဥပမာ- ဆန်နည်းနည်း၊ ဆားနည်းနည်း စသဖြင့် လိုအပ်တာလေးတွေ ဝယ်လိုရလာတော့ တော်တော်လေး အဆင်ပြေသွားတယ်” ဟု ဆိုသည်။
အသိပေးကြေညာချက်ကို လိုက်နာမှုမရှိဘဲ ဟောင်းနွမ်းငွေစက္ကူများကို လက်ခံရန် ငြင်းဆန်ခြင်း သိုမဟုတ် ငြင်းဆန်ရန် ကြိုးစားပါက နီးစပ်ရာ မြိုနယ်အုပ်ချုပ်ရေးရုံး၊ တိုက်နယ်အုပ်ချုပ်ရေးရုံးနှင့် မြိုနယ်စည်ပင်သာယာရေးရုံးများတွင် လာရောက်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။