
AB News – ဇန်နဝါရီ ၂၆၊ ၂၀၂၆
မာလာဝင်း
ရက္ခိုင်တွင် ဆေးဝါးနှင့် ပတ်သက်၍ မလိုလားအပ်သည့် ဘေးအန္တရာယ်များ ကင်းရှင်းစေရေး အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာန(FDA) မှ ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ဆေးဆိုင်များအား လိုင်စင်ရှိမှသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် တခြားမြို့နယ်များရှိ ဆေးဆိုင်၊ ဆေးခန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာ၏ FDA ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဆေးဆိုင်များ အနေဖြင့် လိုင်စင်ပြုလုပ်ရာတွင် ဆေးရောင်းချမည့်သူသည့် အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ဖြစ်ပြီး ဆေးဝါးကျွမ်းကျင်သင်တန်း တက်ဖူးသူ ဖြစ်ရမည်ဟု ပါရှိကြောင်း ဇမ္မူထိပ် ဆေးဆိုင်ပိုင်ရှင် မစိုးနှင်းဝေ က AB News သို့ ပြောသည်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ကျွန်မတို့ရဲ့ ဆေးဆိုင်တွေကိုလာပြီး လိုင်စင်လုပ်ခိုင်းခဲ့ပါတယ်။ ပြီးတော့ အနည်းဆုံးတက္ကသိုလ်ဝင်တန်းအောင်၊ ဆေးဝါးကျွမ်းကျင်သင်တန်း တက်ဖူးသူဖြစ်ရမယ်လို့ ပါပါတယ်။ တချို့ဆေးဆိုင်တွေမှာ ဆေးတွေကို မသိနားမလည်ဘဲနဲ့ စပ်ဆေးလိုမျိုး ရောင်းနေကြတာတွေ၊ ဆေးထိုးကြတာတွေ တော်တော်များများ ရှိပါတယ်။ ဆိုးကျိုးဖြစ်တာတွေလည်း ခဏခဏ ကြားနေရပါတယ်။ FDA က ဒီလို ချမှတ်လိုက်တော့လည်း ပြည်သူတွေအတွက် ကောင်းပါတယ်” ဟု ဆိုသည်။
FDA မှ ကွင်းဆင်းစစ်ဆေးရာ၌ ပြည်သူများအတွက် အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ အခမဲ့ထောက်ပံ့ဖြန့်ဖြူးပေးထားသည့် TB နှင့် ART ဆေးဝါးများကို ပုဂ္ဂလိက ဆေးဆိုင်များ၌ တင်သွင်း၍ မရောင်းချရန်နဲ့ ဆေးဝါးများ ရောင်းချရာ၌လည်း သုံးစွဲသူများအတွက် ဆေးဝါးနှင့်ပတ်သက်ပြီး မလိုလားအပ်သည့် ဘေးအန္တရာယ် မဖြစ်စေရန် စည်းစနစ်ကျကျ ရောင်းချရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ရက်လွန်ဆေးဝါးများနှင့် သောက်သုံးရန် မသင့်သော အန္တရာယ်ဖြစ်စေမည့် ဆေးဝါးများကိုလည်း လုံးဝ မရောင်းချကြရန် တားမြစ်ထားကြောင်း သိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ကျန်းမာရေးဌာန၏ ပုံမှန်အလုပ်ဖြစ်သော ပြည်သူ့ကျန်းမာရေးစောင့်ရှောင့်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများကို ဌာနတွင်း ရှိနေသည့် လူ့အရင်းအမြစ်၊ စေတနာ့ဆေးဝန်ထမ်း ဆရာ/မများနှင့် အကောင်းဆုံး ကြိုးစားလုပ်ဆောင်လျက် ရှိနေကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ အဖွဲ့ဝင်များက ဆိုကြသည်။