သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် လယ်သမားများ အရှုံးပေါ်၍ လာမည့်နှစ် မိုးရာသီတွင် စပါးစိုက်ပျိုးနိုင်မည် မဟုတ်

AB News – ဒီဇင်ဘာ ၂၆၊ ၂၀၂၄

အာရက္ခပြည်အတွင်းရှိ တောင်သူ လယ်သမားများမှာ စပါးအထွက်နှုန်း လျော့ကျမှုနှင့် ဝယ်လိုအား နည်းပါးမှုတို့ကြောင့် အရှုံးပေါ်နေကြ၍ လာမည်နှစ်မိုးရာသီတွင် စပါးစိုက်ပျိုးနိုင်မည် မဟုတ်ကြောင်း လယ်သမားများက ဆိုကြသည်။

ယခုနှစ် လယ်ယာမြေများမှာ စပါးအထွက်နှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဥ်လျှင် သုံးပုံတစ်ပုံခန့်သာ ရရှိကြောင်း ကျောက်တော်မြို့နယ်မှ လယ်သမားကြီး တစ်ဦးဖြစ်သူ ဦးကျော်ဌေးက AB News သို့ ပြောသည်။

“မနှစ်က ဆိုရင် လယ်တစ်ဧကမှာ စပါးတောင်း သုံးရာလောက် ရပါတယ်။ အခုနှစ်မှာဆိုရင် စပါးတောင်း တစ်ရာကျော်လောက်သာ ရပါတယ်။ အဲဒါကြောင့် လယ်သမားတွေ အရှုံးပေါ်ကုန်ကြတယ်။” ဟုပြောသည်။

လယ်ယာမြေများမှာ စပါးအထွက်နှုန်းလျော့ကျသည့်အပြင် စပါးဈေးနှုန်း ဆက်လက် လျှော့ကျနေပါက လာမည့်နှစ် မိုးရာသီတွင် စပါးစိုက်ပျိုးနိုင်မည် မဟုတ်ကြောင်း သူက ထပ်မံ ပြောဆိုသည်။

“စပါးရတာ နည်းတဲ့အပြင် စျေးနှုန်းတွေကလည်း နိမ့်နေမယ်ဆိုရင် နောက်နှစ် မိုးရာသီမှာ လယ် မလုပ်နိုင်တော့ဘူး။ ဒီနှစ်မှာတောင် လယ်သမားတွေ အကြွေး တင်ကုန်ကြတယ်” ဟု ဆိုသည်။

အာရက္ခပြည်အတွင်း လက်ရှိကာလပေါက်ဈေးမှာ စပါးကောက်ကြီး တောင်း ၁၀၀ လျှင် ၇သိန်းကျပ်နှင့် စပါးကောက်ကြီး၊ ကောက်ငယ် တောင်း ၁၀၀ လျှင် ၄သိန်းကျပ်ဝန်းကျင်သာ ဈေးနှုန်းရှိကြောင်း သိရသည်။

စပါးအထွက်နှုန်း လျော့ကျခြင်းမှာ မိုးနှောင်းပိုင်းတွင် မိုးခေါင်သွားခြင်းနှင့် သဘာဝဓာတ်မြေဩဇာ လုံလောက်စွာ အသုံးမပြုနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း မင်းပြားမြို့နယ်မှ ကိုညွှန့်ဝင်းက ဆိုသည်။

“ဒီနှစ်က မိုးနှောင်းပိုင်းမှာ မိုးခေါင်သွားတယ်။ ဒါ့အပြင် မြေဩဇာတွေက ဈေးကြီးနေတော့ လယ်ယာမြေတွေမှာ မြေဩဇာ မသုံးနိုင်ကြဘူး။ အဲ့ဒါကြောင့် စပါးအထွက်နည်းတာပါ” ဟု ဆိုသည်။

လယ် ၁ဧက ထွန်ယက်စိုက်ပျိုးရာတွင် ထွန်ယက်စရိတ်၊ မျိုးစပါး၊ မြေဆီ၊ လုပ်အားခ၊ လယ်ခနှင့် ရိတ်သိမ်းခ စုစုပေါင်းကုန်ကျစရိတ်မှာ ၉ သိန်းမှ ၁၂ သိန်းကျပ်ထိ ကုန်ကျပြီး လယ် ၁ ဧကမှ စပါး တောင်း ၁၀၀ ကျော်သာ ရရှိသည့်အတွက် လယ်သမားများမှာ အရှုံးပေါ်ခြင်းဖြစ်ကြောင်း သူက ထပ်မံပြောဆိုသည်။

ပြီးခဲ့သည့် မိုးရာသီတွင် မြေဆီဈေးနှုန်းမှာ ၅၀ ကီလိုဂရမ်ပါရှိသည့် ကော့မတ်မြေဆီ၊ မြင်းပျံ မြေဆီ တစ်အိတ်လျှင် ၆သိန်းကျပ် နီးပါးခန့်ရှိခဲ့ပြီး ပင်ပွားမြေဆီ တစ်အိတ်လျှင် ၃သိန်းကျပ်အထိ ဈေးရှိခဲ့သည်။

ဗမာပြည်မနှင့် ပြည်ပသို့ စပါးတင်ပို့မှု မရှိခြင်းကြောင့် စပါးဈေးနှုန်းလျော့ကျနေခြင်းဖြစ်ကြောင့် စပါးကုန်သည် ကိုမျိုးဝင်းက ဆိုသည်။

“စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ထားတော့ စပါးတွေကို ဗမာပြည်ကိုလည်း တင်ပို့လို့မရဘူး။ ဘင်္ဂလားဒေ့ချ်တို့၊ အိန္ဒိယတို့ကိုလည်း တင်ပို့လို့ မရဘူး။ တင်ပို့မှု မရှိတော့ ကျနော်တို့ ကုန်သည်တွေလည်း အလုပ်မရှိ ဖြစ်နေပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မိုးရာသီအတွင်း အာရက္ခပြည်တွင် လယ်ဧက ၁၂သိန်းကျော် ရှိသည့်အနက် လယ်ဧက ၅ သိန်းကျော်သာ မိုးစပါး ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြောင်း လယ်ယာမြေနှင့် ပတ်သက်၍ လေ့လာသူများက ဆိုကြသည်။

အာရက္ခပြည်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အချိန်မှ စ၍ စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့သောကြောင့် ပြည်ပ သွင်းကုန်နှင့် ပြည်ပသို့ ထုတ်ကုန်များမှာ ရပ်တန့်ခဲ့ရသည်။

Arakan Bay News ၏ သတင်းများကို အောက်ပါ Link များတွင်လည်း ဖတ်ရှုနိုင်ပါသည်။
Website: www.arakanbaynews.com
Telegram:https://t.me/arakanbaynews
You Tube: https://www.youtube.com/@arakanbaynews5614
Twitter: https://x.com/ArakanBaynews

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ