သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် မုန်ညှင်းဆီ ဝယ်လိုအားကျဆင်း၍ မုန်ညှင်းစိုက်ခင်းလုပ်ကိုင်သူများ နည်းပါလာ

AB News – ဇန်နဝါရီ ၂၃၊ ၂၀၂၆

ရက္ခိုင်တွင် အိန္ဒိယနိုင်ငံမှ တင်သွင်းသော စားသုံးဆီများ သုံးစွဲမှုများလာ၍ ဒေသထွက် မုန်ညှင်းဆီများ ဝယ်လိုအား ကျဆင်းကာ မုန်ညှင်းစိုက်ခင်းလုပ်ကိုင်သူများ ယခင်ထက် နည်းပါးလာကြောင်း မုန်ညှင်းစိုက်ခင်းလုပ်ကိုင်သူများက ဆိုကြသည်။

မုန်ညှင်းစိုက်ပျိုးရာတွင် သွင်းအားစု တစ်ခုဖြစ်သည့် မြေဆီစျေးမှာလည်း အဆမတန် မြင့်မားနေသောကြောင့် တောင်သူများမှာ အခက်ကြုံနေကြရသည်။

သံကွင်းစူပါတံဆိပ် မြေဆီတစ်အိတ်လျှင် ၅၅၀၀၀၀ ကျပ်ထိ မြင့်တက်နေသောကြောင့် စျေးနည်းသည့် အိန္ဒိယမြေဆီများအား သုံးကြရ၍ အထွက်နှုန်းလည်း လျော့ကျသည့်အပြင် အရှုံးပေါ်နေကြကြောင်း မြောက်ဦးမြို့မှ မုန်ညှင်းစိုက်ခင်းလုပ်ကိုင်များက ဆိုသည်။

“စိုက်ပျိုးစရိတ်၊ မြေဆီစရိတ်၊ ရိတ်သိမ်းခတွေနဲ့ဆိုရင် အမြတ်က မကျန်တော့ဘူးလေ။ အရင်တုန်းကဆိုရင် မုန်ညှင်း ဧက ၅၀၀ လောက် စိုက်ပျိုးတယ်။ အခုတော့ စရိတ်တွေ ကြီးတာနဲ့ ဧက ၃၅၀ လောက်ပဲ စိုက်ပျိုးထားပါတယ်” ဟု လောင်းကြတ်ကျေးရွာမှ မုန်ညှင်းစိုက်ပျိုးသူ ဦးဘထွန်းက ပြောသည်။

လက်ရှိမှာ မုန်ညှင်းဆီ ၁ ဂါလံကို ၂၅၀၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေပြီး ၁ ပိဿာကို ၂၈၀၀၀ ကျပ်ခန့် ရောင်းချနေကြသည်။

အိန္ဒိယစားသုံးဆီ ၁ ပိဿာကို ၂၈၀၀၀ ကျပ် ရှိစဥ်က ပြည်တွင်းဖြစ် မုန်ညှင်းဆီ၊ ပဲဆီ ဝယ်လိုအားများပြီး ယခုနောက်ပိုင်း အိန္ဒိယဆီမှာ ၁ ပိဿာလျှင် ၁၅၀၀၀ ကျပ်ထိ စျေးကျသွား၍ ပြည်တွင်းဖြစ် စားဆီများမှာ ဝယ်လိုအားနည်းသွားကြောင်း သိရသည်။

“မုန်ညှင်းစေ့ ၁ တောင်းကို ၃၅၀၀၀ ကျပ်လောက် ပေးပြီး ဝယ်နေရတာ။ ဆီ ၁ ဂါလံ ရဖို့အတွက် မုန်ညှင်းစေ့ ၅ တောင်းလောက် သုံးရတယ်။ နောက်ပြီးတော့ သွင်းအားစုတစ်ခုဖြစ်တဲ့ ရေနံဆီ တွေကလည်း စျေးတက်နေတော့ ရတဲ့အမြတ်တွေက နည်းတယ်” ဟု မြောင်းဘွေစံပြကျေးရွာမှ ဆီစက်ပိုင်ရှင် ဦးမောင်မြင့်သန်းက ပြောသည်။

ဆီကြိတ်စက်မှ နောက်ဆုံးထွက်လာသည့် မုန်ညှင်းဖတ်၊ ပဲဖတ်တို့ကိုလည်း မြေသြဇာပြုလုပ်ရန်နှင့် တိရစ္ဆာန်အစာအဖြစ် ရောင်းချကြရာ ယခင်က ဆီဖတ် ၁ ပိဿာကို ၄၀၀၀ ကျပ်ခန့်ရရှိကြပြီး လက်ရှိမှာတော့ ၁၀၀၀ ကျပ်သာ ရရှိကြောင်း ပြောသည်။

“မုန်ညှင်းဆီနဲ့ ပဲဆီတွေက အရင်နှစ်ကထက် ဝယ်လိုအား သိသိသာသာ လျော့ကျသွားတယ်။ ဒေသထွက် မုန်ညှင်းဆီတွေက ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ စားသုံးလို့ရတဲ့အပြင် လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ အရေပြားရောဂါတွေနဲ့ တခြားရောဂါတွေကိုလည်း သက်သာစေတယ်” ဟု စားသုံးကုန်ရောင်းချသူ မယုမြတ်စိုးက ပြောသည်။

ကျန်းမာရေးနှင့် ညီညွတ်သည့် ဒေသထွက် မုန်ညှင်းဆီ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရန် မြေဆီနှင့် စိုက်ပျိုးရေး သွင်းအားစုများကို စျေးနှုန်းသက်သာစွာ ရရှိရန် လိုအပ်ကြောင်း မုန်ညှင်းဆီ စိုက်ပျိုးထုတ်လုပ်နေကြသည့် ဒေသခံများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ