သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် မိုးသဲထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွား

AB News – ဇွန် ၃ ၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်တွင် မိုးသဲထန်စွာရွာသွန်းမှုနှင့် ဒီရေမြင့်တက်မှုကြောင့် မြို့အချို့တွင် ဇွန်လ ၂ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှစ၍ ဘင်္ဂပင်လယ်အော်ရှိ မုတ်သုန်လေအားကောင်းမှုကြောင့် မြန်မာနိုင်ငံရှိ ရက္ခိုင်ပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးသဲထန်စွာ ရွာသွန်းနေပြီး တောင်ကျရေများနှင့် ဒီရေမြင့်တက်မှုကြောင့် ရေကြီးမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

ရက္ခိုင်က မြေနိမ့်ရပ်ဝန်းဒေသများဖြစ်ကြသော မြောက်ဦးမြို့ရှိ လေးမြို့ချောင်းဒေသအပါအဝင် မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။

”မနေ့က ရွာဝင်လမ်းမတွေအကုန်လုံးရေမြှုပ်သွားတယ်။ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့သွားလို့မရဘူး။ လှေစီးပြီး ကုန်းမြင့်ပိုင်းတွေကို ထွက်ပြေးခဲ့ရတယ်။ အခု မိုးစဲသွားတော့ ရေနည်းနည်းကျသွားပြီ” ဟု ကျောက်တော်မြို့နယ်မှ ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများမှာ ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့နေကြပြီး နေထိုင်စားသောက်ရေးအတွက် အခက်ခဲ့ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ရက္ခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်တော် ၊ မြောက်ဦး ၊ ပုဏ္ဏားကျွန်း ၊ မင်းပြား စသည့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ထောင်ချီသည့် မိုးစပါးစိုက်ခင်းဧကများ ပျက်စီးဆုံးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ