
AB News – မတ် ၃၁၊ ၂၀၂၅
ရက္ခိုင်တွင်၊ မတ်လအတွင်း စစ်ကျန်မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရှိရသည်။
မတ်လ ၄ ရက်နေ့က မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ ရွှေမင်းဂံရပ်ရှိ အသက် ၁၄ နှစ်အရွယ် မောင်အောင်မင်းဌေးသည် အိမ်ခေါင်မိုးတွင် တင်ကျန်နေသည့် စစ်ကျန်ဗုံးသီး တစ်လုံးပေါက်ကွဲပြီး ဘယ်ဘက်ပေါင်နှင့် ညာဖက်လက်ခုံ ဗုံးစထိမှန်ကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီထောင်ထားခဲ့သည့် စစ်ကျန်မိုင်းတစ်လုံးကို နင်းမိပြီး တောင်ကုတ်မြို့ ၊ ကံပိုင်ရပ်ကွက်ရှိ အသက် ၃၄နှစ်အရွယ် ဦးမောင်ဌေးဝင်း ခြေတစ်ဖက်ပြတ်ထွက် သွားခဲ့ရသည်။
အမ်းမြို့နယ်တွင် မတ်လ ၁၂ ရက်နေ့က ဦးညီညီသည် စစ်ကျန်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားကာ မျက်နှာတွင်လည်း မိုင်းစများထိမှန်ကာ ဒဏ်ရာရသွားခဲ့သည်။
မောင်တောမြို့နယ်၊ ရွှေဇားအနောက် (မူဆလင်) ရွာက အသက် ၁၈နှစ်အရွယ် မာမောက်ယာဆိမ့်သည် မတ်လ ၁၃ ရက်နေ့တွင် ငါးရှာထွက်လာစဉ် ရွာအနောက်ဖက်ရှိ ရွာခြံစည်းရိုးအနီးတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းတစ်လုံး နင်းမိပြီး ဘယ်ဘက်ခြေထောက်ပြတ်ကာ ဘယ်ဘက်မျက်လုံးလည်း ဆုံးရှုံးသွားခဲ့သည်။
မတ်လ ၁၄ရက်နေ့က မောင်တောမြို့၊ လသာရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ်ရှိ အဒူဟာလေ့ခ်(မူဆလင်အမျိုးသား) သည် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းတစ်လုံးနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားကာ ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့သည်။
မတ်လ ၁၇ရက်နေ့တွင်လည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ လူနေအိမ်ထဲတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ကာ အသက် ၆၀ နှစ်အရွယ် ဒေါ်တင်တင်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သည်။
မောင်တောမြို့၊ သင်္ဘောလှရွာရှိ အသက် ၅၇နှစ် အရွယ် ဦးပိန်ညိုသည် မတ်လ ၂၅ရက်နေ့တွင် စစ်ကျန်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့သည်။
မတ်လ ၂၆ ရက်နေ့က သံတွဲမြို့နယ်၊ ရောင်ခြည်ဦးကျေးရွာမှ အသက် ၆၀ အရွယ် ဦးစိုးသန်းသည် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ကာ ခြေတစ်ဖက်ပြတ်သွားခဲ့သည်။
မောင်တောမြို့နယ်၊ ချရာတန်းကျေးရွာမှ အသက် ၂၀ အရွယ် မာန်ကောက်(မြို) နှင့် အသက် ၁၅ နှစ်အရွယ် မောင်နေလင်းဟိန်း တို့သည် မတ်လ ၂၈ ရက်နေ့က စစ်ကျန်ဗုံးသီး ၁ လုံးကို ထုခွဲကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ဂွမြို့နယ်၊ကျိန္တလီတိုက်နယ်၊ ဆားချက်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးဇော်ဝင်းအောင်သည် ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် တောင်သို့ ဟင်းရှာသွားစဉ် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ကာ ခြေတစ်ဖက်ပြတ်ထွက်သွားကြောင်း သိရသည်။
ထို့အတူ ယနေ့ မတ်လ ၃၁ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ ကြိုးကြားကွင်းကျေးရွာမှ အသက် ၆၄ နှစ်အရွယ် ဒေါ်အောင်မြသည် စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေတစ်ဖက် ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်တွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
စစ်ကျန်မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ရက္ခိုင်ပြည်ရှိ ဒေသခံအများစုမှာ ကိုယ်လက်အင်္ဂါချို့တဲ့မှုများနှင့် ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း မိုင်းအန္တရာယ်အသိပေး ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ နေတိုင်းလိုလို စစ်ကျန်လက်နက်ပေါက်ကွဲလို့ ပြည်သူတွေ အသက်သေဆုံးတာတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေနဲ့ကြုံတွေ့နေကြရတယ်။တောတောင်ကို မှီခိုပြီး ရှာဖွေစားသောက်နေရတဲ့ ပြည်သူတွေ အခက်အခဲတွေကြုံနေရတယ်။ စစ်ကောင်စီက မိုင်းတွေကို နေရာတိုင်းမှာ ထောင်ထားခဲ့တာဆိုတော့လေ။ အဲ့ဒီစစ်ကျန်မိုင်းတွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက ရှင်းလင်းရေးတွေ လုပ်ဆောင်ပေးစေချင်တယ်” ဟု ဆိုသည်။
တစ်ဖက်မှာလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေဖြင့် အာရက္ခဒေသအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် အသိပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန်ဝေခြင်းများ နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အဆက်မပြတ် လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။