သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ပြည်ပထုတ် အရက်များကို ယနေ့မှစ၍ ပိတ်ပင်

AB News-ဒီဇင်ဘာ ၂၀၊၂၀၂၄

ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ထားသော မြို့နယ်များတွင် ပြည်ပမှ တင်သွင်းသော အရက်၊ ဘီယာ၊ ဝိုင် စသည့် အရက်မျိုးစုံတို့ကို ရောင်းချခွင့်၊ သောက်သုံးခွင့်များအား ယနေ့ ဒီဇင်ဘာလ ၂၀ နေ့ရက်မှစကာ ပိတ်ပင်လိုက်ပြီဖြစ်သည်။

ပြည်ပမှ အရက် တင်သွင်း ရောင်းချခြင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ စ၍ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး လက်ကျန်အရက်များအား ၃ လအတွင်းအပြီးသတ် ရောင်းချရန် AAက ထုတ်ပြန်ကြေညာထားခဲ့သည်။

ပြည်ပထုတ် အရက်များကို ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ကျောက်တော်မြို့ ဒေသခံ ၁ဦးက” ယခုလို ပြည်ပထုတ် အရက်တွေ ပိတ်ပင်တာကောင်းပါတယ်၊ ပိတ်သင့်တာကလည်း ကြာပါပြီ၊ အရက် ဘီယာရောင်းချခွင့် လုံးဝပိတ်ပင်တာကို လက်ခံပါတယ်၊ ဘာလို့ဆိုရင် ရက္ခိုင်မှာ ရောင်းချနေကြတဲ့ အရက်အများစုက စစ်ကောင်စီက ထုတ်နေတာ ဖြစ်လို့ပါ”ဟု AB Newsသို့ ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်တိုင်းတွင် မြို့၊ ကျေးရွာအလိုက် ပြည်သူအများသိနိုင်ရန် လော်စပီကာများဖြင့် ရပ်/ကျေးခေါင်းဆောင်များက လိုက်လံကြေညာပေးခဲ့သည်ဟု မင်းပြားမြို့ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

ပြည်ပထုတ် အရက်၊ ဘီယာ၊ ဝိုင်များရောင်းချခွင့်၊သောက်သုံးခွင့် ၊သိုလှောင်ထားခြင်းများကို ဒီဇင်ဘာလ ၂၀နေ့မှစတင် ပိတ်ပင်လိုက်ပြီး သောက်သုံး ရောင်းချပါက အပြင်းအထန်အရေးယူသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

လက်ရှိတွင် လက်ကျန်ရှိနေသော ပြည်ပထုတ် အရက်၊ ဘီယာများကို အာရက္ခတပ်တော်မှ မည်သို့ စီစဥ်သွားမည်ကိုမသိရှိရသေးဟု ကျောက်တော်မြို့မှအရက်ဆိုင်ရောင်းသူ ၁ဦးက AB Newsသို့ပြောသည်။

“လက်ရှိမှာ ရောင်းမထွက်ဘဲကျန်ရှိနေတဲ့ အရက်၊ ဘီယာတွေကို ဘယ်လိုစီစဥ်မယ်ဆိုတာကို မသိရသေးဘူး၊ ဘယ်လိုပဲစီစဥ်ပါစေ ပိတ်ဆိုတော့လဲ ပိတ်ရတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အကြမ်းဖက် စစ်ကောင်စီထုတ် ကုန်ပစ္စည်းများကို မသုံးဖို့ မြန်မာပြည်အနှံ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအုပ်စုများကလည်း လှုံ့ဆော်မှုများ ဆက်တိုက်ရှိနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ