
AB News-ဇူလိုင် ၁၇၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်က မြို့နယ်များတွင် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရက ဝန်ဆောင်မှုပေးထားသည့် စတားလင့် (Starlink) အင်တာနက်သုံးစွဲခနှုန်းကို ၁ နာရီလျှင် ၂၀၀၀ ကျပ်နှုန်းဟု ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ တပြေးညီသတ်မှတ်လိုက်သောကြောင့် ယနေ့တွင် ၁ နာရီလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပြည်သူများ စတင်အသုံးပြုနေကြသည်ကို AB News က မြေပြင်ကွင်းဆင်း သိရှိခဲ့ရသည်။
ယခင်က အင်တာနက် သုံးစွဲခ ဈေးနှုန်းမှာ တစ်ဦးကို ၁ နာရီလျှင် ငွေ ၅၀၀၀ ကျပ် ပေးရပြီး ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ၁ နာရီလျှင် ငွေ ၂၀၀၀ ကျပ်နှုန်းသာ ပေးရသည်ဟု အင်တာနက်သုံးစွဲသူ ၁ ဦးက AB News သို့ပြောသည်။
“”အရင်ကဆို တစ်နာရီ ၅၀၀၀ ပေးရတယ်။ အခု ၂၀၀၀ လောက်နဲ့ သတ်မှတ်လိုက်တော့ ပိုအဆင်ပြေသွားပါပြီ” ဟု ဆိုသည်။
အင်တာနက်သုံးစွဲခ စျေးနှုန်းကျဆင်းမှုသည် ပြည်သူများအတွက် ဆက်သွယ်ရေးကိစ္စများတွင် များစွာ အထောက်အပံ့ဖြစ်ပြီး ကောင်းမွန်သည့်လက္ခဏာတစ်ခုဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“အရင်က တစ်နာရီကို ၅ ထောင်ပေးရတော့ ပြည်သူတွေက ပြည်ပရောက်နေတဲ့မိသားစုတွေနဲ့ အဆက်အသွယ် သိပ်မလုပ်ဖြစ်ကြဘူး။ အဆင်မပြေတဲ့ လူတွေအတွက် ပိုက်ဆံ ၅ ထောင်ဟာလည်း အခက်အခဲပါပဲ။ ဒီလိုစျေးနှုန်းကျသွားတော့ ပြည်သူတွေ မိသားစုတွေနဲ့ ပိုပြီးတော့ ဆက်သွယ်နိုင်တာပေါ့။ ခုလိုမျိုး ဖြစ်လာတာကိုလည်း ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာမိပါတယ်” လို့ ၎င်းက ပြောသည်။
အင်တာနက် သုံးစွဲခ ဈေးနှုန်းလျော့ပေါ့ သတ်မှတ်လိုက်သော်လည်း ဖုန်းပြောဈေးနှုန်းမှာ ယခင်အတိုင်း မပြောင်းလည်းဘဲ ၁ မိနစ်လျှင် ၁၀၀၀ ကျပ်နှုန်းပေးနေရဆဲဖြစ်ကြောင်း သိရသည်။
တစ်ဖက်တွင် ရက္ခိုင်ဒေသအတွင်း နေရာတိုင်းတွင် Starlink အင်တာနက် ရရှိမှု မရှိသေးကြောင့် ကျေးလက်နေ ပြည်သူအများစုမှာ အင်တာနက်သုံးစွဲခွင့်ရရှိရန် လမ်းခရီးစရိတ်ကြီးမားမှုဒဏ်ကိုလည်း ရင်ဆိုင်ခံစား နေကြရသည်ကို တွေ့ရသည်။
ရက္ခိုင်တွင် ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှစ၍ အာရက္ခတပ်တော်နှင့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့တို့ကြား နှစ်ဖက် စစ်ရေး တင်းမာနေမှုများကြောင့် ဒေသတွင်း ဖုန်း နှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။