သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ငွေစက္ကူအတုများ ပြန့်နေ

AB News – မတ် ၂၉၊ ၂၀၂၅

ရက္ခိုင်က ကျောက်တော်နှင့် မြောက်ဦးမြို့အပါအဝင် အခြားမြို့များတွင် ငွေအတု ပြန့်နှံ့နေကြောင်း ငွေလွှဲငွေထုတ် လုပ်ငန်းရှင်များက ဆိုသည်။

ပြည်မမှ ရက္ခိုင်ပြည်သို့ ရောက်ရှိလာသော ငွေစက္ကူအုပ်များတွင် မြန်မာကျပ်ငွေ အတုများ ပါဝင်လာမှုကြောင့် ဒေသတွင်း လုပ်ငန်းများရှင်များ စိုးရိမ်မှု ရှိနေကြောင်း ပြောကြသည်။

ရက္ခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ ဖြစ်ပွားသည့်အချိန်မှ စ၍ စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခဲ့မှုကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများ ပြတ်တောက်ခဲ့ရသည့်အပြင် ငွေသား ရှားပါးမှု ဖြစ်ပွားခဲ့ပြီး ငွေထုတ်ဈေးနှုန်းမှာလည်း မြင့်တက်ခဲ့ရသည်ကို တွေ့ရှိခဲ့ရသည်။

ရက္ခိုင်တွင် တိုက်ပွဲဖြစ်ပွားသည့်အချိန်မှ ယခုအချိန်ထိ ငွေလွှဲငွေထုတ် လုပ်ငန်းရှင်များမှာ ပြည်မမှ ငွေသားကို ခက်ခက်ခဲခဲ လှဲယူနေရပြီး ငွေလွှဲငွေထုတ်လုပ်ငန်းများကို လုပ်ကိုင်နေကြရကြောင်း သိရှိရသည်။

ငွေစက္ကူအုပ်များတွင် ငွေစက္ကူအတုများ ရောပါလေ့ရှိကြောင်း ကျောက်တော်မြို့မှ ငွေလွဲငွေထုတ်လုပ်ငန်းရှင် တစ်ဦးက AB News သို့ ပြောသည်။

“ကျနော်တို့က ငွေလွှဲငွေထုတ်လုပ်ကိုင်နေတာဆိုတော့ စက်နဲ့ ရေတွက်တာတွေရှိသလို့ လက်နဲ့ ရေတွက်တာတွေလည်း ရှိပါတယ်။ ရေတွက်တဲ့အခါ ငွေအတုတွေကို တွေ့ရပါတယ်။ ငွေစက္ကူအတုက ပုံမှန်ငွေစက္ကူနဲ့ အရောင်အသွေးလည်း မတူဘူး၊ ပြီးရင် ငွေစက္ကူပေါ်က ငွေရာင်ကြိုးဟာလည်း တစ်သားတည်း ဖြစ်နေပါတယ်” ဆိုသည်။

“ ဒီလအတွင်း ငွေလွှဲငွေထုတ်လုပ်ငန်းကို ဂရုစိုက်ပြီး လုပ်ကိုင်နေရပါတယ်။ ငွေစက္ကူအတုတွေက ပြန့်နေပါတယ်။ ငွေစက္ကူအတုတွေ ပြန့်နေတော့ ငွေလွှဲငွေထုတ်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ အပါအဝင် ပြည်သူတွေလည်း နစ်နာနိုင်ပါတယ်” ဟု မြောက်ဦးမြို့မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြန့်နှံ့နေသည့် ငွေစက္ကူအတုများမှာ မြန်မာကျပ်ငွေ တစ်သောင်းကျပ်တန်နှင့် ငါးထောင်ကျပ်တန်များ ဖြစ်သည်ကို တွေ့ရှိရသည်။

ငွေစက္ကူအတုများ ပြန့်နှံ့နေမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အရပ်သားပြည်သူများ စိုးရိမ်နေကြကြောင်း သိရှိရသည်။

ရက္ခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားသည့် မြို့များတွင် ငွေစက္ကူအတုများ ပြန့်နှံ့နေမှုနှင့် ပတ်သက်၍ အာရက္ခတပ်တော်မှ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ပေးရန် ဒေသခံပြည်သူများက လိုလားနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ