သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ကွမ်းသီးစျေးနှုန်း သိန်း ၂၀ အထိ မြင့်တက်

AB News – ဇူလိုင် ၂၃၊ ၂၀၂၅

နွယ်စိုး

ရက္ခိုင်တွင် ဒေသထွက် ကွမ်းသီးစျေးနှုန်းများမှာ မကြာသေးမီ ရက်ပိုင်းအတွင်း အဆမတန် မြင့်တက်လာကြောင်း AB News က စုံစမ်းသိရှိရသည်။

လက်ရှိတွင် ကွမ်းသီးတစ်မောင်း (၂၅ ပိဿာ) ကို ကျပ်သိန်း ၂၀ အထိ စျေးကောင်းရရှိနေကြောင်း မြောက်ဦးမြို့နယ်မှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက AB News သို့ပြောသည်။

“ကွမ်းသီးစျေးက တက်လိုက် ကျလိုက်ပါပဲ။ ပြီးခဲ့တဲ့လကတော့ နည်းနည်းကျဆင်းခဲ့တယ်။ အခုလမှာ ကွမ်းသီး ၁ မောင်းကို ကျပ်သိန်း ၂၀ အထိ စျေးကောင်းရတယ်။ ဒီနှစ်လောက် ကွမ်းသီးစျေးတက်တာ မရှိသေးဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ကွမ်းသီးတစ်မောင်း (၂၅ ပိဿာ) ကို ကျပ်ဆယ်သိန်းသာ ရှိခဲ့ရာမှ ယခုဇူလိုင်လအတွင်း ကျပ်သိန်း ၂၀ အထိ နှစ်ဆ တက်လာခဲ့ခြင်း ဖြစ်သည်။

စျေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းကြောင့် ကွမ်းသီးဝယ်ယူသူများမှာ ရှာရခက်ခဲခြင်းနှင့် ဝယ်ယူရခက်ခဲ နေရကြောင်း ကွမ်းသီးလုပ်ငန်းရှင် ၁ ဦးက  ပြောသည်။

 “ကွမ်းသီးစျေး တဟုန်ထိုးတက်နေတော့ ဝယ်ယူရတာ ခက်ခဲလာတယ်။ ကျပ်သိန်း ၂၀ နဲ့ ဝယ်ရင်တောင် ရောင်းမယ့်သူ မရှိသလောက်ပဲ။ နောက်ပြီး ကွမ်းသီးကလည်း ရှားလာတယ်” ဟု ဆိုသည်။

ယခင်နှစ်က ကွမ်းသီးတစ်မောင်း (၂၅ ပိဿာ) စျေးနှုန်းမှာ ကျပ်တစ်သိန်းနီးပါးသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်သိန်း ၂၀ အထိ တက်လာခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ကွမ်းသီးစျေးနှုန်း မြင့်တက်နေခြင်းမှာ ပြည်မဘက်မှ ကွမ်းသီးများ ဝင်ရောက်တင်ပို့ခြင်း မရှိသည့်အတွက် ဒေသထွက် ကွမ်းသီး တစ်ခုတည်းကိုသာ ဝယ်ယူစားသုံးနေကြသောကြောင့် ဖြစ်ကြောင်း သိရသည်။

ရက္ခိုင်ပြည်ထွက် ကွမ်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာ တင်ပို့ခွင့်ရရှိပါက ကွမ်းသီး စိုက်ခင်းပိုင်ရှင်များ၏ စားဝတ်နေရေး ပိုမိုအဆင်ပြေလာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ရက္ခိုင်ပြည်အတွင်း တကျော့ပြန် တိုက်ပွဲများကြောင့် ဘင်္ဂလားလမ်းအပါအဝင် ကုန်လမ်း၊ ရေလမ်းနှင့် ကုန်သွယ်သွားလာရေးများကိုပါ ပိတ်ဆို့ထားခဲ့ရာ သိုလှောင်ထားသော ကွမ်းသီးများမှာ စျေးကွက်ထဲ မရောက်နိုင်ဘဲ အောက်ဆုံးအထိ စျေးထိုးကျခဲ့သည့်အတွက် ကွမ်းသီးလုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ