သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ကွမ်းသီးစျေးနှုန်း ပြန်တက်နေ

AB News -မတ် ၂၉၊ ၂၀၂၅

ရက္ခိုင်ပြည်အတွင်း ဒေသထွက် ကွမ်းသီး‌စျေးများ ပြန်တက်နေသည်ဟု ကွမ်းသီးခြံပိုင်ရှင်များထံမှ သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကွမ်းသီးစျေး အနည်းငယ် ကျဆင်းခဲ့ပြီး ယခုမတ်လတွင် ကွမ်းသီးစျေးပြန်တက်နေသည်ဟု မြာက်ဦးမြို့နယ်မှ ကွမ်းသီးစိုက်ခင်း စိုက်ပျိုးသူ ဒေါ် အေးသန်း မှ
AB News သို့ ပြောသည်။

“ကွမ်းသီးစျေးက တက်လိုက်ကျလိုက်နဲ့ပါ ပြီးခဲ့တဲ့လက ကွမ်းသီးစျေး ကျဆင်းခဲ့တယ်။ ကွမ်းသီး ၁ မောင်း (၂၅) ပိဿာကို (၃) သိန်းကျပ်အထိ ကျဆင်းခဲ့တာတွေရှိတယ်။ အခု မတ်လမှာတော့ ကွမ်းသီး ၁ မောင်း (၂၅) ပိဿာကို (၄) သိန်းကျော်နဲ့တောင် ဝယ်လို့မရတော့ဘူး”ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကွမ်းသီး ၁ မောင်း (၂၅) ပိဿာကို (၃)သိန်းကျပ် အထိ ကျဆင်းခဲ့ပြီး ယခုမတ်လအတွင်းတွင် ကွမ်းသီး ၁ မောင်း (၂၅)ပိဿာကို (၄)သိန်းခွဲအထိ ဈေးကောင်း ရရှိနေကြောင်း သိရသည်။

ယခင်နှစ်က ကွမ်းသီး ၁ မောင်း (၂၅) ပိဿာဈေးနှုန်းမှာ ၁ သိန်းကျပ် နီးပါးသာရှိခဲ့ပြီး ယခုနှစ်တွင် ကွမ်းသီး ၁ မောင်း (၂၅) ပိဿာလျှင် ၄ သိန်းခွဲထိ ရှိနေသည်။ ပြီးခဲ့သည့် နှစ်ထက် ယခုနှစ်မှာ သုံးဆခန့် ဈေးပိုရရှိကြောင်း ကွမ်းသီးစိုက်ခင်းပိုင်ရှင်များက ဆိုကြသည်။

ယခုနှစ်အတွင်း ကွမ်းသီးဈေးနှုန်းမြင့်တက်နေခြင်းမှာ ပြည်မဘက်မှ ကွမ်းသီးများ ဝင်ရောက်တင်ပို့ခြင်း မရှိသည့်အတွက် ဒေသထွက် ကွမ်းသီးတစ်ခုတည်းကိုသာ ဝယ်ယူစားသုံးနေကြသောကြောင့် ကွမ်းသီးဈေးမြင့်တက်ရခြင်းဖြစ်သည်ဟု သိရသည်။

ရက္ခိုင်ပြည်ထွက် ကွမ်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိနိုင်ငံသို့ လွတ်လပ်စွာ တင်ပို့ခွင့်ရရှိပါက ကွမ်းသီးစိုက်ခင်းပိုင်ရှင်များ၏ စားဝတ်နေရေး ပိုမို အဆင်ပြေလာနိုင်ကြောင်း ဒေသခံများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ