သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က မိဘမဲ့ ကလေးများအတွက် “ဂေါတမီရင်ခွင်” မိဘမဲ့ကလေးပြုစု စောင့်ရှောက်ရေးဂေဟာကို AA စစ်ဦးစီးချုပ်၏ ဇနီးဦးဆောင် တည်ထောင်

AB News – ဧပြီ ၂၅ ၊ ၂၀၂၅

ရက္ခိုင်ဒေသတွင် မိဘမေတ္တာငတ်နေကြရသည့် ကလေးငယ်များအတွက် မေတ္တာတရားနှင့် နွေးထွေးမှုရရှိစေရန်အတွက် အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ်၏ ဇနီး ဒေါ်နှင်းဇာဖြူက ”ဂေါတမီရင်ခွင်” မိဘမဲ့ကလေး ပြုစုစောင့်ရှောက်ရေး ဂေဟာကို ဦးဆောင် တည်​ထောင်လိုက်ကြောင်း သိရှိရသည်။

”ဂေါတမီရင်ခွင်” မိဘမဲ့ကလေး ပြုစုစောင့်ရှောက်ရေး ဂေဟာကို စတင်ဖွင့်လှစ်ထားသည်မှာ ၄ လခန့်ရှိပြီဖြစ်သည်။

”အခြေအနေတခုမှာ အကြောင်းအမျိုးမျိုးကြောင့် မိဘရင်ခွင်ပျောက်ဆုံးနေကြရသော ကလေးငယ်များအတွက် လေးနက်သော အဓိပ္ပါယ် ၊ မေတ္တာတရားနှင့် အနာဂတ်မပျောက်ဆုံးစေရန် ရည်ရွယ်၍ ယခုလို “ဂေါတမီရင်ခွင်” မိဘမဲ့ ကလေးပြုစု စောင့်ရှောက်ရေးဂေဟာကို အသေအချာစဥ်းစား၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” ဟု ဒေါ်နှင်းဇာဖြူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ပြောဆိုထားသည်။

မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာကို ”ဂေါတမီရင်ခွင်” ဟု အမည်ပေးရခြင်းမှာ မိထွေးတော် ဂေါတမီကဲ့သို့ မြင့်မြတ်သည့် မေတ္တာနှင့် စိတ်ဝိဉာဏ်ကို မိဘရင်ခွင် ပျောက်ဆုံးနေသော ကလေးငယ်များအတွက် ပေးနိုင်ရန် ဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာပါ ဖော်ပြချက်အရ သိရသည်။

”ရက္ခိုင်ပြည်အရပ်ရပ် ဘယ်နေရာကမဆို မိဘရင်ခွင်ပျောက်ဆုံးနေရသော ကလေးငယ်များ ဘယ်လူမျိုး ၊ ဘယ်ဘာသာ ၊ ဘယ်လိုအသားရောင်မျိုးတွက်မဆို ”ဂေါတမီရင်ခွင်” က အေးချမ်းသော မေတ္တာရိပ် ဖြစ်စေရမည်” ဟု ဒေါ်နှင်းဇာဖြူက ဧပြီလ ၂၄ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်ပေါ်၌ ထပ်မံမျှဝေထားသည်။

နှစ်သစ်ကူးကာလတွင် “ဂေါတမီရင်ခွင်” မိဘမဲ့ကလေးပြုစု စောင့်ရှောက်ရေးဂေဟာသို့ အာဟာရချို့တဲ့နေသည့် ကလေးငယ် ၁ ဦး ပထမဆုံးရောက်ရှိလာခဲ့ပြီး ကလေးငယ်၏အမည်ကို ”အိမ်စိုးမေ”ဟူ၍ နာမည်ပေးထားကြောင်းလည်း ဒေါ်နှင်းဇာဖြူက ရေးသားမျှဝေထားသည်။

ရက္ခိုင်တွင် စစ်ဘေးကြောင့် ပြည်သူအများစုမှာ အလုပ်အကိုင်ရှားပါးမှုနှင့် ဝင်ငွေနည်းပါးမှုကြောင့် အငတ်ဘေးနှင့် ကြုံတွေ့နေကြရပြီး မိဘတချို့မှာ ကလေးငယ်များကို ပြုစုမစောင့်ရှောက်နိုင်သည့်အတွက် မွေးစားနိုင်မည့်သူများ ရှာဖွေနေကြသည့် ဖြစ်စဥ်များကိုလည်း တွေ့မြင်နေရသည်။

ထို့အပြင် ရက္ခိုင်တွင် စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်တိုက်ခတ်မှုများကြောင့် မိဘများ သေဆုံးသွားရသည့် ကလေးငယ်အချို့ကိုလည်း တွေ့လာရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ