
AB News – ဒီဇင်ဘာ ၆၊ ၂၀၂၄
ဆောင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရက္ခိုင်က စစ်ဘေးရှောင် ၆ သိန်းကျော်မှာ အနွေးထည်နှင့် စောင်များ အရေးတကြီးလိုအပ်နေကြောင်းသိရှိရသည်။
ရက္ခိုင်တွင် အကြမ်းဖက်စစ်ကောင်စီများက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု ၊ လက်နက်ကြီးများဖြင့် လှမ်းပစ်မှု ၊ မီးရှို့ဖျက်ဆီးမှုတို့ကြောင့် နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်ပြည်သူများမှာ ဆောင်းရာသီကို ရောက်ရှိနေပြီဖြစ်သည့်အတွက် အနွေးထည်နှင့် စောင်များအရေးတကြီးလိုအပ်နေကြောင်း ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက AB News သို့ပြောသည်။
“ကျမတို့မှာက နေအိမ်လည်းမရှိတေ့ာဘူး ။ စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားခဲ့တာ ။ ပြန်သွားရင် နေမယ့် အိမ်တောင်မရှိသေးဘူး ။ အခုက ဆောင်းရာသီလည်းရောက်နေပြီ၊ အေးလည်းအေးလာနေပြီ ။ ဆိုတော့ ကျမတို့မှာ အနွေးထည် နဲ့ စောင်ကမရှိသေးဘူး ။ အင်္ကျီလက်ရှည်လေးကို ဝတ်ပြီးတေ့ာ အိပ်နေရတယ်” ဟုဆိုသည်။
အနွေးထည်နှင့် စောင်များရှားပါးလှသည့်အတွက် ရက္ခိုင်က စစ်ဘေးရောင်အများအပြားမှာ စောင်မရှိဘဲ အိပ်နေကြရသည်။ ရောင်းရန်ရှိသော စောင်နှင့် အနွေးထည်များမှာလည်း စျေးအလွန်မြင့်မားသည့်အတွက် မဝယ်ယူနိုင်ကြပေ။
ဘူသီးတောင် နှင့် အမ်းဘက်က စစ်ဘေးရှောင်ပြည်သူများအား စောင်များသွားလှူရန်အတွက် စောင်အရေအတွက် ထောင်ချီလိုအပ်နေသေးကြောင်း မြောက်ဦးလူငယ်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက AB News သို့ပြောသည်။
“ကျနော်တို့က ရက္ခိုင်ပြည်မြောက်ပိုင်းဘက်မှာတေ့ာ ကျနော်တို့တတ်နိုင်သလောက်လည်း လှူထားပြီးပြီ။ ကျနော်တို့နောက်ထပ် သွားပြီးလှူချင်တဲ့နေရာတွေကတော့ ဘူးသီးတောင်နဲ့ အမ်းဘက်ကိုပါ။ အဲ့ဒီကို သွားလှူဖို့အတွက် စောင်တွေ ထောင်ချီလိုအပ်နေပါသေးတယ်” ဟုဆိုသည်။
ရက္ခိုင်တွင် စစ်ကောင်စီက ကုန်းလမ်း ၊ ရေလမ်းများကို ဖြတ်တောက်ပိတ်ဆို့ထားသည့်အတွက် ရက္ခိုင်ပြည်သူများမှာ ကုန်းပစ္စည်းရှားပါးမှုနှင့် ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှုဒဏ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။