
AB News – ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆
LOKI
ရက္ခိုင်ကမ်းရိုးတန်းဒေသများတွင် စစ်ကော်မရှင်နေဗီများ သွားလာမှုများရှိနေပြီး ဖမ်းဆီးနေမှုအပြင် ပစ်ခတ်မှုများရှိနေ၍ ဒေသခံ ကမ်းဝေးရေလုပ်သားများ အခက်ကြုံနေကြောင်း သိရှိရသည်။
မြေပုံမြို့နယ်မှာ ရက္ခိုင်ကမ်းရိုးတန်းအတိုင်းဆိုလျှင် စစ်တွေနှင့် ကျောက်ဖြူမြို့ ကြားတွင်တည်ရှိ၍ ယခင်ကဆိုလျှင် ရေလုပ်သားများမှာ ပင်လယ်ဝအထိ ငါးဖမ်းထွက်ကြပြီး ယခုအခါ စကမ နေဗီများ၏ ဖမ်းဆီးနေမှုများကြောင့် ကမ်းအဝေးမသွားရဲသည့် အခြေအနေဖြစ်ကြောင်း မြေပုံမြို့မှ ဒေသခံမွတ်ဆလင် ရေလုပ်သား ဦးမိုဟာမတ်ဆိုသန် က AB News သို့ ပြောသည်။
“ဦးတို့က ဒီငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးလာတာကြာပြီ။ ဟိုးအရင်တုန်းကဆို စစ်တွေတို့ ကျောက်ဖြူဘက်တို့ အထိ ငါးသွားဖမ်းတယ်။ ပင်လယ်ပြင်မှာဆိုတော့ ငါးကြီးကြီးတွေရတယ်။ ပြန်လာရောင်းတော့လည်း ဈေးကောင်းရတယ်။ မိသားစုအတွက် ထောက်ပံ့နိုင်တဲ့ အတိုင်းအတာတခုထိ ရှိခဲ့တယ်။ အခုက နေဗီတွေရှိနေတော့ အဝေးလည်းမသွားရဲတော့ဘူး။ သူတို့နဲ့ တွေ့ရင် ဖမ်းတယ်။ အဝေးကနေ လှမ်းပစ်တာတို့လုပ်တယ်။ ကမ်းနဲ့အနီးမှာပဲ လုပ်ကိုင်နေရတော့ တခါတခါ ငါးဖမ်းထွက် ပြန်လာရင် မိသားစုကိုထောက်ပံ့ဖို့ထား ဆီဖိုး ကာမိရုံ မနည်း လုပ်နေရတယ်။ ငယ်ငယ်ကတည်းက ဒီအလုပ်လုပ်လာတာဆိုတော့ အခြားအလုပ်တွေလည်းမလုပ်တတ်ဘူး” ဟု ဆိုသည်။
ရေလုပ်သားများအား ငါးဖမ်းရန် ရေပြင်ဧရိယာ ကန့်သတ်ခံထားသကဲ့သို့ အခြေအနေဖြစ်နေပြီး ရလာသည့် ငါး၊ ပုဇွန်များကိုလည်း ဈေးကောင်းမရသည့်အပြင် ပင်လယ်ဝဘက်ကို ငါးထွက်ဖမ်းလျှင် စကမနေဗီများက ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ ဒဏ်ငွေပေးဆောင်ရခြင်း ရှိကြောင်း မြေပုံမြို့နယ်မှ ရေလုပ်သား ကိုရွှေလှ မှ AB News သို့ပြောကြားသည်။
“ငါးဖမ်းရတာတွေက အဆင်မပြေတော့ဘူး။ ငါးမရတဲ့အပြင်၊ ဈေးကောင်းလည်း မရဖြစ်နေတယ်။ တစ်ရက်စာ ဝမ်းရေးအတွက်တောင် မနည်းရုန်းကန်နေကြရတယ်။ ပင်လယ်ဝဘက်ကိုလည်း ထွက်မဖမ်းရဲဘူး။ နေဗီတွေနဲ့ တွေ့ရင် ဖမ်းပြီးချုပ်ထားတယ်။ လူတစ်ယောက်ကို ငွေ ဆယ်သိန်းကျပ် ဒဏ်ငွေပေးဆောင်ခိုင်းတယ်။ အဲလိုတွေလုပ်နေကြတော့ ကမ်းနားတစ်ကြောမှာပဲ ငါးဖမ်းနေကြရပါတယ်” ဟုဆိုသည်။
အဆိုပါ စကမနေဗီများက ရေလုပ်သားများကို ဖမ်းဆီးနေခြင်းများကြောင့် လက်လုပ်လက်စားရေလုပ်သားများမှာ အခက်ကြုံနေရပြီး အချို့မှာ ငါးဖမ်းလုပ်ငန်းကို ဆက်မလုပ်တော့ဘဲ ရရာအလုပ်ကိုလုပ်ကိုင်နေကြရကြောင်း သိရှိရသည်။