သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယောတပ် ထူထောင်ချိန်မှ စ၍ ကူညီခဲ့သည့် အာရက္ခတပ်တော်အား ကျေးဇူးတင်ဂုဏ်ပြု

AB News ဇန်နဝါရီ ၃၊ ၂၀၂၆
LOKI

ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျရောက်ခဲ့သော ယောတပ်‎ ၂ နှစ်ပြည့် အထိမ်းမှတ်နေ့တွင် ၎င်းတို့တပ် တည်ထောင်သည့် အချိန်မှစ၍ အစဉ်တစိုက် ကူညီခဲ့‌ကြသော အာရက္ခတပ်တော်(ULA/AA) အား ကျေးဇူးတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “ခက်ခဲကြမ်းတမ်း‌သော အချိန်ကာလများတွင် ခရီးလမ်းကို တည့်မတ်စွာ လျှောက်လှမ်းနိုင်ရန် အစဉ်တစိုက် အနီးကပ်ကွပ်ကဲပြီး ထောက်ပံ့ကူညီ အကြံဉာဏ်များ ပေးခဲ့သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အား အထူးပင် လှိုက်လှိုက်လှဲလှဲ လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း” ထုတ်ပြန်ခဲ့သည်။

အလားတူ စစ်ရေးနိုင်ငံရေးနှင် စိတ်ဓာတ်ပိုင်းဆိုင်ရာ နည်းဗျုဟာများ ချမှတ်သင်ကြားပေးခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ကိုလည်း အထူးတစ်လည်‌ ကျေးဇူးတင်‌ကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စ ကူညီဖြေရှင်းပေးခဲ့သည့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် – ပကဖ) နှင့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF) ကိုလည်း ကျေးဇူးတင်ဂုဏ်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အဆိုပါ ယောတပ်တော် မထူထောင်မီကာလ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဒေသကာကွယ်ရေးအဖွဲ့အစည်းများ စုပေါင်း၍ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (YRPA) ဖြစ်ခဲ့ပြီး KNUနှင့် ချိတ်ဆက်၍ နိုင်ငံရေးပိုင်းဆိုင်ရာ၊ တပ်စုဖွဲ့မှုဆိုင်ရာ အကြံဉာဏ်များ တောင်းခံခဲ့ကြောင်းနှင့်၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယောဒေသ၌ စစ်ရေးအခြေတို့‌ကြောင့် ကျစ်လျစ်သောအဖွဲ့အစည်းဖြစ်‌စေရန် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ယောတပ်တော်အဖြစ် ထူထောင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂နှစ်အတွင်း ၎င်းတို့ ယောတပ်တော်သည် ရက္ခိုင်ပြည်၊ ချင်းပြည်နယ်နှင့် ယောဒေသတို့တွင် မြို့သိမ်းတိုက်ပွဲများနှင့် တိုက်ပွဲကြီးငယ်များစွာတွင် ပါဝင်ဆင်နွှဲ့ရာ အဆိုပါတိုက်ပွဲများတွင် ယောတပ်မှ ရဲဘော် ၂၂ ဦး ကျဆုံးပြီး ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရ ရဲဘော်မှာ ၃၁ ဦး ရှိကြောင်းနှင့် ယခင် YRPA တပ်က အသက်၊ ကိုယ်အင်္ဂါဆုံးရှုံးလိုက်ရသည့် ရဲဘော်များကိုလည်း ယောတပ်တော်အနေဖြင့် ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။

ယခုအခါ ယောတပ်တော်မှာ တော်လှန်ရေး‌တပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance (SRA) တွင် အားတက်သရောပါဝင်ကာ စကမ အမြစ်ပြတ်‌ရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအောင်မြင်မှုအတွက် ဆက်လက်ပါဝင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နှင့် ယောတပ်အနေဖြင့် ယောကံကြမ္မာဖန်ခွင့်ရရေးအတွက်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ