
AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအတွင်း စက်လှေချင်း တိုက်မိသည့် ဖြစ်စဥ်ကြောင့် ယမန်နေ့က အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်၊ နံနက်အချိန်တွင် ပစ္စည်းသွားဝယ်သည့် ဦးအောင်ကျော်သိန်း မောင်းနှင်လာသည့် စက်လှေနှင့် ကျောက်တော်မြို့နယ်၊ လေကွိကျေးရွာက ဦးအောင်မြ၏သား အသက် (၃၀) ကျော်အရွယ် ဦးကျော်အေး မောင်းနှင်လာသောစက်လှေတို့သည် ကျောက်တော်မြို့နယ်၊ ယိုးချောင်းရှိ ငစရိုင်းကိုင်း တောင်ခြေရင်းအနားအရောက်တွင် နှင်းမြူထူထပ်မှုကို ဖြတ်စဉ်အတွင်း စက်လှေချင်း တိုက်မိခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသွားသူသည် ကျောက်တော်မြို့နယ်၊ ကျွန်းသာယာကျေးရွာမှ စားကုန်ဆိုင်ရောင်းချနေသူ အသက် ၄ဝ ကျော်အရွယ် ဦးအောင်ကျော်သိန်းဖြစ်ပြီး ၎င်းမှာ လှေတိုက်မိစဉ်အတွင်း ဝမ်းဗိုက်ဘေးတွင် ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူဖို့ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်သိန်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။
လက်ရှိတွင် ဦးကျော်အေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DELPS ဌာနက ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ရွှေစေတီဘုရားအနီး ချောင်းကောက်ကွေ့တွင် စက်လှေချင်း တိုက်မိမှု ဖြစ်ပွားခဲ့သည့်အတွက် မင်းပြားမြို့နယ်၊ င/ပြီအင်းကျေးရွာမှ ဦးမောင်စောတင်(၅၇)နှစ် သေဆုံးသွားခဲ့သည်ဟု သိရသည်။