
AB News – အောက်တိုဘာ ၂၂၊ ၂၀၂၅
ဒေဝီ
မစင်စွန့်ပစ်ရန် မွေးရာပါ စအိုပေါက်မပါ၍ အူကို အပြင်ထုတ်ထားရသည့် စစ်ရှောင်အမျိုးသမီးငယ်၏ ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း ပရဟိတသမား ဝေဟင်အောင်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။
ခွဲစိတ်မှုအောင်မြင်ခဲ့သည့် အမျိုးသမီးငယ်မှာ စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ စစ်ဘေးရှောင်နေရသည့် အဖ ဦးကျော်ဆန်းနှင့် အမိ ဒေါ်ယီယီသန်းတို့၏ သမီး အသက် ၅ နှစ်အရွယ် အေးနန္ဒာခိုင်ဖြစ်သည်။
ဆရာဝေဟင်အောင်က “ကူညီသင့် မကူညီသင့် သွားကြည့်တော့ ကူညီပေးသင့်တယ်။ အချိန်မီသာ မကုသလိုက်ရင် ဒီကလေးတစ်ယောက် တစ်ဘဝလုံးကို အူတန်းလန်းနဲ့ ဘယ်လို လူ့ဘဝကို ဖြတ်ကျော်နိုင်မလဲ” ဟု ၎င်း၏ ပို့စ်တွင် ရေးသားထားသည်။
အဆိုပါအမျိုးသမီးငယ်ကို ခွဲစိတ်မှု ၃ ကြိမ်ပြုလုပ်ခဲ့ရပြီး အောင်မြင်စွာကုသနိုင်ခဲ့သည်ဟု သိရသည်။
တည်းခိုရေး၊ သွားလာရေးနှင့် စားဝတ်နေရေး ကိစ္စများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအား ပြောပြအကူအညီတောင်းခဲ့၍ တာဝန်ယူ ကူညီပေးခဲ့ကြောင်း ဆရာဝေဟင်အောင်က ဆိုသည်။
ဆေးကုသစရိတ်အတွက် စည်းလုံးမှု အင်အား ရခိုင်လူငယ်များအသင်း(မလေးရှားအခြေစိုက် ထိုင်း၊ စင်္ကာပူအပါအဝင်) က သိန်း ၂၀၀ နှင့် စေတနာရှင် ကိုမောင်ကျော်မှ သိန်း ၂၀ လှူဒါန်းပေးခဲ့သည်ဟု သိရသည်။
ဆရာဝေဟင်အောင်က “အာရက္ခဒေသအတွက် တန်ဖိုးရှိတဲ့ သမီးရတနာ တစ်ပါးဖြစ်ပါစေလို့ ဆုတောင်းပြုပါတယ်” ဟု ဆုတောင်းပေးထားသည်။
ပုံစာ – စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ မွေးရာပါ စအိုပေါက်မပါ၍ အူကို အပြင်ထုတ်ထားရသည့် အသက် ၅ နှစ်အရွယ် အေးနန္ဒာခိုင် ခွဲစိတ်ကုသမှုအောင်မြင်ခဲ့သည်ကို မြင်တွေ့ရခြင်း။