သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်၊ အထက်စည်းမောင်းရွာနှင့် ဥက္ကံရွာကြား မြေသားလမ်းသစ်အား ရွာသားများ ကိုယ်ထူကိုယ်ထ ဖောက်လုပ်နေ


AB News – မတ် ၂၉၊ ၂၀၂၅

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှ အထက်စည်းမောင်းရွာနှင့် ဥက္ကံရွာကြား မြေသားလမ်းသစ်အား ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့မှ စ၍ ရွာသူရွာသားများက ကိုယ်ထူကိုယ်ထ လမ်းဖောက်လုပ်နေကြောင်း သိရှိရသည်။

အထက်စည်းမောင်းရွာ၊ အောက်စည်းမောင်းရွာနှင့် ဥက္ကံရွာတို့မှာ မြောက်ဦးမြို့နယ် အဆုံး၌ တည်ရှိပြီး ကျောက်တော်မြို့နယ်နှင့် ထိစပ်နေကာ မြို့များနှင့် အလှမ်းဝေးပြီး သွားလာရန် ခက်ခဲသော ကျေးရွာများပင် ဖြစ်သည်။

အထက်စည်းမောင်းရွာနှင့် ဥက္ကံရွာကြား ဖောက်လုပ်နေ့သည့် မြေသားလမ်း အလျားမှာ ၃၅၇၀ ပေရှိပြီး လမ်း အနံမှာ ၃၅ ခန့် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့မှ စ၍ အထက်စည်းမောင်းရွာနှင့် ဥက္ကံရွာကြား မြေသားလမ်းသစ်အား ဖောက်လုပ်နေကြောင်း သေလာဂီရီ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ မဂ္ဂင်တောရကျောင်းတွင် သီတင်းသုံးနေသော အရှင်စန္ဒောဘာသ က ဆိုသည်။

“အထက်စည်းမောင်းရွာဟာ ဦးဇင်းရဲ့ ဇာတိရွာလည်း ဖြစ်ပါတယ်။ ရွာက မြောက်ဦးမြို့ရဲ့ အဆုံးမှာ တည်ရှိပါတယ်။မြောက်ဦးမြို့နဲ့ရော ကျောက်တော်မြို့နဲ့ပါ အလှမ်းဝေးပါတယ်။ အရေးပေါ် အခြေအနေဆိုရင် မြို့ကို သွားဖို့ အဆင်မပြေဘူး။ အဲ့ဒါကြောင့် ရွာသားတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး အဲဒီလမ်းကို ဖောက်လုပ်ခဲ့တာပါ” ဟု ဆိုသည်။
လမ်းဖောက်လုပ်ပြီးစီးပါက ရွာသူ၊ ရွာသားများ အနေဖြင့် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးတို့ ပိုပြီး အဆင်ပြေလာမည်ဟု ယုံကြည်ကြောင်း အထက်စည်းမောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်းက AB News သို့ ဆိုသည်။

“ကျနော်တို့ ရွာက မြောက်ဦးမြို့ကို သွားဖို့ဆို ရေကြောင်းခရီးသာ အသုံးပြုရပါတယ်။ ရွာသားတွေ အသုံးပြုနေတဲ့ ချောင်းဟာလည်း ကျဥ်းပါတယ်။ အခု နွေရာသီဆို ချောင်းရေက ပိုပြီး နည်းလာတဲ့အတွက် လုံးဝ သွားလာလို့ အဆင်မပြေပါဘူး။ ဒီလမ်း ဖောက်ပြီးရင်တော့ ကုန်းကြောင်း သွားလာလို့ ရတော့မယ်” ဟု ဆိုသည်။

“အရင်က ဆိုရင် အရေးပေါ် နေမကောင်းဖြစ်သူတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မြို့က ဆေးရုံ၊ ဆေးခန်းတွေကို သွားဖို့ ခက်ခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့တာတွေ ရှိပါတယ်။ လမ်းဖောက်ပြီးရင်တော့ အကုန်လုံး အဆင်ပြေသွားမယ်” ဟု ဆိုသည်။

မြေသားလမ်းသစ် ဖောက်လုပ်ရာတွင် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်းပေါင်း (၃)ရာ အထိ ကုန်ကျနိုင်ကြောင်း သိရသည်။

ဖောက်လုပ်ဆဲ မြေသားလမ်းသစ်အား ကျောက်ခင်းလမ်းအထိ ပြုလုပ်ရန်နှင့် လမ်းသစ်အား ပြုပြင်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း အထက်စည်းမောင်းရွာမှ ရပ်မိရပ်ဖများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ