AB News – ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြောက်ဦးမြို့နယ်တွင် အစ္စလာမ် ဘာသာရေး ဆုပေးပွဲ ကို ဇန်နဝါရီ ၃၁ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် ULA/AA မှ တာဝန်ရှိသူများ တက်ရောက် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
၎င်းပွဲအား လူပေါင်း ၁၅၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး ဆုပေးပွဲအတွင်း လူမျိုးဘာသာမခွဲခြားဘဲ တစ်စုတစ်စည်းတည်းဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသည့် ပုံရိပ်များကို မြင်တွေ့ရပြီး ဘာသာရေးခေါင်းဆောင်များနှင့် မူဆလင်အသိုင်းအဝန်းတစ်ရပ်လုံးမှာလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
ရက္ခိုင်ပြည်အတွင်း မူဆလင် ကျေးရွာများနှင့် ရက္ခိုင်ကျေးရွာများ ကူးလူးဆက်ဆံခြင်းကို ယခင်အစိုးရလက်ထက်က ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်ခဲ့ပြီး မကြာခဏ ပဋိက္ခများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
မူဆလင် လူမျိုးများ အနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်တွင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ တန်းတူအခွင့်အရေးများ ရရှိလာကြောင်း မူဆလင်ဘာသာရေး အကြီးအကဲများက ဆိုကြသည်။
မူဆလင် အသိုင်းအဝန်း တစ်ရပ်လုံးကလည်း အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အုပ်ချုပ်နေမှုအပေါ် အထူးဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ကြပြီး နောက်လာမည့် အနာဂတ်တွင်လည်း လူမျိုးပေါင်းစုံ ညီညွတ်စွာ အတူတကွ တည်ဆောက်သွားမည်ဟု ဆိုကြသည်။
ဓာတ်ပုံ- One Nation News


