သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် လက်ပစ်ဗုံးပေါက်ကွဲ၍ ၃ နှစ်အရွယ် ကလေး ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ



‎AB News – သြဂုတ် ၆၊ ၂၀၂၅
‎ဒေဝီ

‎ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွင် လက်ပစ်ဗုံးသီးကို ဆော့ကစားရာမှ ပေါက်ကွဲ၍ ၃ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း AB News မှ စုံစမ်းသိရသည်။

‎ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က မြောက်ဦးမြို့၊ ဝေသာလီကျေးရွာတွင် လက်ပစ်ဗုံးကို ဆော့ကစားရာမှ ပေါက်ကွဲကာ ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့သည်။

‎ဗုံးထိမှန်ကာ သေဆုံးသွားသည့် ကလေးငယ်မှာ အသက် ၃ နှစ်အရွယ် မောင်မျိုးမြတ်ဖြိုးဖြစ်သည်။

‎”လက်ပစ်ဗုံးကွဲသံတော့ကြားလိုက်တယ်။ နောက်မှ ကလေးတွေဆော့လို့ ပေါက်ကွဲတာမှန်းသိတယ်။ ကလေးက ငယ်ငယ်လေးရှိသေးတယ်။ မိဘတွေရဲ့ ဂရုစိုက်မှု ပေါ့ဆလို့ ဖြစ်သွားတာ ဖြစ်တယ်” ဟု ဒေသခံ ၁ ဦးက ပြောသည်။

‎အဆိုပါဖြစ်စဥ်တွင် သေဆုံးသွားသည့် ကလေးငယ်အပါအဝင် ကလေးငယ် ၄ ဦးသည် ကျေးရွာအတွင်းရှိ နေအိမ် ၁ အိမ်က ရရှိလာသည့် လက်ပစ်ဗုံး ၁ လုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သိရသည်။

‎ဒဏ်ရာရရှိသွားသည့် ကလေးငယ်များကို ဆေးကုသမှုပေးထား၍ မစိုးရိမ်ရတော့ကြောင်း သိရသည်။

‎အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ဒေသများ၌ စစ်ကျန် မိုင်းများ၊ လက်ပစ်ဗုံးများ၊ စစ်လက်နက်များကြောင့် ရက္ခိုင်ဒေသခံပြည်သူများမှာ ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်