သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံ ပုစွန်တာတွင် အငှားလုပ်ကိုင်သူ ၁ ဦး ရေနစ်သေဆုံး

AB News – ဇူလိုင်၊ ၂၈၊ ၂၀၂၅
ဒေဝီ

မြေပုံမြို့နယ်၊ တောင်စိုင်ကမ်းတိုက်နယ်ရှိ တောင်စိုင်ကျေးရွာမှ ပုစွန်တာတစ်ခုတွင် အငှားလုပ်ကိုင်သူ ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း AB News က သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက် ည ၈ နာရီခန့်က ဦးသာကျော် (၄၈ နှစ်) သည် မြိုင်သာရပ်ကွက်မှ ဦးမောင်လှထွန်းပိုင်ဆိုင်သော တောင်စိုင်ကျေးရွာအနီးရှိ ပုစွန်တာသို့ ပိုက်ထောင်ရန် သွားခဲ့သည်။

ဇူလိုင် ၂၅ ရက် မနက်ပိုင်းတွင် ၎င်း၏တဲသို့ ပြန်မရောက်သဖြင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဦးသိန်းထွန်းအောင်က လိုက်လံရှာဖွေရာ ပုစွန်တာ၌ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

“ပုစွန်တာကို သွားတာ မနက်အထိ ပြန်ရောက်မလာဘူး။ အဲဒါနဲ့ သွားရှာတော့ မနက် ၈ နာရီလောက်မှာ ပုစွန်တာမှာ ရေနစ်သေနေတာ တွေ့ရတယ်။ ဘယ်လိုရေနစ်ပြီး သေသွားလဲမသိဘူး။ စိတ်မကောင်းစရာပဲ” ဟု ဆိုသည်။

အဆိုပါ ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ မြေပုံမြို့အုပ်ချုပ်ရေးဌာနနှင့် DLEPS ဌာနတို့ ပူးပေါင်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း ရသေ့တောင်မြို့နယ်ရှိ ခွဆုံရွာချောင်းကို ဖြတ်ကူးစဉ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

AB News ၏ သတင်းမှတ်တမ်းများအရ ရက္ခိုင်တွင် ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ စုစုပေါင်း ၈ ဦး အထိ ရှိလာပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ