သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်တွင် ဝက်ရူးပြန်ရောဂါသည် ရေလုပ်သား ၁ ဦး ရေနစ်ပျောက်ဆုံးနေ

AB News – ဒီဇင်ဘာ  ၁၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ မင်းချောင်းကျေးရွာမှ  အမျိုးသား ၁ ဦးသည် ပင်လယ်ပြင်၌ ဆွဲပိုက်လုပ်ငန်းလုပ်ကိုင်နေစဉ် ဝက်ရူးပြန်ရောဂါပေါ်ပြီး ရေနစ်ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ရေနစ်ပျောက်ဆုံးနေသူမှာ မြေပုံမြို့နယ်၊ မင်းချောင်းကျေးရွာမှ မောင်ဆန်းဝင်း ဖြစ်ပြီး ပေါက်တောမြို့နယ် ဖဒူကျေးရွာမှ အောင်ဆန်း ပိုင်ဆိုင်သော ဆွဲပိုက်စက်လှေပေါ်တွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

၎င်းသည် ယနေ့ နံနက် ၆ နာရီခန့် အချိန်တွင် ဆွဲပိုက်အား ဆွဲတင်နေစဉ် ရုတ်တရက် ဝက်ရူးပြန်ရောဂါပေါ်ကာ ရေထဲသို့ ပြုတ်ကျသွားပြီး နစ်မြှုပ်သွားခဲ့ခြင်းဖြစ်သည်။

”သူက ဝက်ရူးပြန်ရောဂါ ရှိတယ်။ ဆွဲပိုက်လှေပေါ်မှာ အလုပ်လုပ်နေတုန်း ရောဂါက ရုတ်တရက်ပေါ်လာတော့ မထိန်းနိုင်ဘဲ ရေထဲကို လဲကျသွားတာလို့ သိရတယ်။ အခုအချိန်ထိတော့ ရပ်ရွာလူထုနဲ့ အနီးနားက ငါးဖမ်းလှေတွေက ဝိုင်းဝန်းပြီး ရှာဖွေနေကြတုန်းပဲ။ ဘယ်လိုမှ ပြန်ရှာမတွေ့သေးဘူး” ဟု ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

လက်ရှိတွင် ရပ်သူရွာသားများနှင့် လုပ်ဖော်ကိုင်ဖက်များက ပျောက်ဆုံးသူအား ဝိုင်းဝန်းရှာဖွေနေကြသော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်လည်ရှာဖွေမတွေ့သေးကြောင်း သိရသည်။

​ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မြေပုံမြို့နယ်တွင် IDP Camp မှ မူဆလင်ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရက္ခိုင်တွင် ယခုနှစ် မိုးရာသီအတွင်း ရေနစ်သေဆုံးသူ ၄၄ ဦးခန့်အထိ ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ