ABN-ဟိန်းထွန်း
ဇူလိုင်လ ၂၆ ရက်
ဇူလိုင်လ ၃၁ ရက်နေ့ထွက်ရှိလာမည့် ၂သောင်းတန်ငွေစက္ကူသစ်များကို မြို့သုံးခုတွင်စတင်လဲလှယ်ပေးသွားမည်ဟု မြန်မာ့ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် အတိအလင်း အတည်ပြုပြောဆိုခဲ့ကြောင်းသိရသည်။
ငွေကြေးစတင်လဲလှယ်သွားမည့် မြန်မာနိုင်ငံဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန် ၊ မန္တလေး၌ရှိသည့် ငွေလဲကောင်တာများတွင် ဇူလိုင်လ ၃၁ ရက်နေ့ ရုံးဖွင့်ရက်များမှာ လာရောက်လဲလှယ်နိုင်ကြောင်း သိရသည်။
ထိုကဲ့သို့ ငွေလဲလှယ်ရာ၌ ဟောင်းနွမ်းငွေစက္ကူဖြင့်လာရောက် လဲလှယ်သည့်လူများကို အထိမ်းအမှတ်အနေဖြင့် ၂ သောင်းတန် ၃ ရွက်ခန့်ပေးသွားမည်ဖြစ်ကြောင်း ညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောသည်။
“ဟောင်းနွမ်းငွေစက္ကူတွေလာရောက်လဲလှယ်လိုတဲ့ လူပုဂ္ဂိုလ်တွေကိုသာလျှင် အမှတ်တရသိမ်းဆည်းထားနိုင်ဖို့ အများဆုံး ၃ ရွက်ခန့်သာထုတ်ပေးသွားမှာ ဖြစ်ပါတယ်၊ ဟောင်းနွမ်းစုတ်ပြဲမဟုတ်ဘဲနဲ့ သာမန်ငွေစက္ကူအသစ်နဲ့ လာရောက်လဲလှယ်မှုကိုတော့ လက်ခံလဲလှယ်ပေးမှာမဟုတ်ပါဘူး။ ဟောင်းနွမ်းငွေစက္ကူကိုသာလျှင် သင့်တဲ့တန်ဖိုးကို လဲလှယ်ပေးမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ငွေလဲလှယ်မည့်ပြည်သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ( မှတ်ပုံတင် )ပါရှိရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးလျှင် ဟောင်းနွမ်းငွေစက္ကူ ရွက်ရေ ( ၅၀၀) ထိ လှယ်လယ်ပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်၍ပြောသည်။
“ပြည်သူတွေအနေနဲ့ ဟောင်းနွမ်းစက္ကူတွေလာရောက်လဲလှယ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားယူဆောင်လာဖို့ လိုအပ်ပါတယ်၊ လူပုဂ္ဂိုလ်တစ်ဦးကို ဟောင်းနွမ်းငွေစက္ကူ ရွက်ရေ ( ၅၀၀ )အထိ ကောင်တာဖွင့်လှစ်ချိန်အတွင်း လက်ခံလဲလှယ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကျပ် ၂ သောင်းတန်ငွေစက္ကူ ထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ အခြေအနေတိုးလာမှုရှိမည်မဟုတ်ဘဲ အကြောင်းအမျိုးမျိုးပြပြီးကုန်စည်စျေးနှုန်းကို ဆွဲတင်ဖို့လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်လာစေဖို့ ဆောင်ရွက်နေသူများအနေနှင့် အများပြည်သူအကျိုးများအတွက် ယခုလိုမလုပ်သင့်ကြောင်း၊ ပြည်သူများ၏အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်း မလုပ်သင့်ပါဟု ဦးဝင်းမြင့်က မေတ္တာရပ်ခံပြောဆိုထားသည်ကိုတွေ့ရသည်။
ယမန်နေ့ကလည်း စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ၎င်းတို့သည် ၂၀၀၈ ဥပဒေကို အတည်ပြုထားသည့်အတွက် ငွေကြေးဖောင်းပွမှု ပြဿနာများဖြစ်လာနိုင်ဖွယ်မရှိကြောင်း နှင့် လက်ရှိသုံးငွေများကို ယင်ခင်အတိုင်း အသုံးပြုသွားမည်ဟု ပြောဆိုခဲ့ကြောင်းတွေ့ရသည်။