AB News – မတ် ၂၂ ၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာနှင့် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းမှ သဲခုံကျေးရွာတို့အား စစ်ကောင်စီက ယနေ့ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်စစ်ကောင်စီသည် နံနက် ၉ နာရီအချိန်တွင် ကျော်ဇံကျေးရွာအား ၂ ကြိမ်တိုင်တိုင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို AB News က ဆက်လက်စုံစမ်းလျက်ရှိသည်။
စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျော်ဇံရွာမှ ဒေသခံအများအပြားသည် ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး စစ်တွေမြို့တွင် တိုက်ပွဲများ ဖြစ်ပွားချိန်မှစတင်ကာ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာကြောင်း တွေ့ရ
သည်။
အလားတူ အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ပေါက်တောမြို့နယ်၊ဆံတော်ကျွန်းမှ သဲခုံကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများအား ဆက်လက်စုံးစမ်းနေဆဲဖြစ်သည်။
မတ်လ ၁၁ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်အချို့ ပျက်စီးသွားခဲ့သည်။
စစ်တွေမြို့နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစတင်ကာ စစ်ကောင်စီသည် စစ်တွေမြို့အနီးရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။