AB News – မတ် ၅၊ ၂၀၂၅
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ မြိုယု ကျေးရွာတွင် သောက်သုံးရေ ရှားပါးမှုကြောင့် ဒေသခံပြည်သူများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း AB News ကတွေ့ရှိရသည်။
၂၀၂၂ ခုနှစ် ၊မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီမှ တည်ထောင်ခဲ့သော မြိုယု ကျေးရွာသည် နွေရာသီတိုင်း သောက်သုံးရေ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
မြိုယု ကျေးရွာတွင် ရေတွင်းများ သို့မဟုတ် ရေကန်များ မရှိပါ။ စစ်ကောင်စီမှ ရွာနှင့် မီတာ ၃,၀၀၀ ကျော်အကွာ တောင်ကြားတွင် ဆည်တစ်ခု တည်ဆောက်ပေးခဲ့သော်လည်း နွေရာသီတွင် ရာသီဥတု ပူပြင်းမှုကြောင့် ရေစီးဆင်းမှု လျော့နည်းလာကာ သောက်သုံးရေ ရရှိရန် ပိုမိုခက်ခဲလာကြောင်း အမျိုးသမီးတစ်ဦးက AB News သို့ ပြောသည်။
“ဒီ ရွာကို တည်ထောင်တာ ၃ နှစ်လောက်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်ကတည်းက ရေတွင်း၊ ရေကန် မရှိပါဘူး။ စစ်ကောင်စီက ရွာနဲ့ အလှမ်းဝေးတဲ့ တောင်ကြားမှာ ဆည်တစ်ခု ဆောက်ပေးပြီး ရွာကို ပိုက်လိုင်း ဆက်သွယ်ပေးခဲ့ပါတယ်။ နွေရာသီရောက်ရင် ပူပြင်းလို့ ရေစီးဆင်းမှု နည်းပါတယ်။ နှစ်တိုင်း နွေရာသီရောက်ရင် ရေနဲ့ အခက်အခဲတွေ ကြုံရပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုကျေးရွာတွင် အိမ်ထောင်စု အရေအတွက်မှာ ၁၀၇ စုရှိပြီး လူဦးရေ အရေအတွက်မှာ ၆၂၇ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် ကျေးရွာနှင့် မီတာ ၂,၀၀၀ ခန့်အကွာတွင် ဒေသခံများက တောင်ကျရေ အနည်းငယ်ကို အလျား ၁၀ ပေနှင့် အနံ ၁၀ ပေခန့်ရှိ ရေလှောင်ကန်ငယ်တစ်ခု တည်ဆောက်ထားသည်။ သို့သော် ရေမသန့်ရှင်းသောကြောင့် ဒေသခံ ၃၀ ခန့်မှာ ဝမ်းရောဂါနှင့် အရေပြားရောဂါများ ခံစားနေရကြောင်း အမျိုးသားတစ်ဦးက AB News သို့ ပြောသည်။
“ခုလောလောဆယ်မှာ ရွာနဲ့ နည်းနည်းဝေးတဲ့ နေရာတစ်ခုမှာ တောင်ကျရေ အနည်းငယ် ဆင်းတာ ရှိပါတယ်။ ကျနော်တို့ ရွာသားတွေက သိုလှောင်ပြီး သောက်ရေအဖြစ် သုံးစွဲကြရပါတယ်။ ရေက မသန့်ရှင်းတော့ ရွာမှာ ဝမ်းရောဂါနဲ့ အရေပြားရောဂါ ဖြစ်နေတဲ့သူ ၃၀ လောက် ရှိပါတယ်” ဟု ဆိုသည်။
ရေလှောင်ကန်တွင်လည်း ရေအနည်းငယ်သာ ရှိပြီး ရေတစ်ပုံးရရန် မိနစ် ၃၀ ကျော် အချိန်ပေးရကြောင်း ဒေသခံများက ပြောပြချက်အရ သိရသည်။
ထို့ကြောင့် ဒေသခံများသည် ကျေးရွာတွင် ရေတွင်းများနှင့် ရေကန်များ တည်ဆောက်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များအား တောင်းဆိုနေကြသည်။