AB News- ဇူလိုင် ၁၁၊ ၂၀၂၅
ဒေဝီ
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့အရှေ့ဘက် မြိုင်-ပခုက္ကူလမ်းပေါ်ရှိ စစ်ကောင်စီ၏ စီမံကိန်းရုံး (မြို့စောင့်ဂိတ်စခန်း) ကို ဇူလိုင် ၉ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ရဲ ၁၂ ဦးကို လက်နက်ခဲယမ်းများဖြင့် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၉ ရက်နေ့ မနက်အစောပိုင်းမှစ၍ မြိုင်နှင့် ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်များက အဆိုပါ မြို့စောင့်ဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတက ဇော်ဝင်းနိုင်၊ ရဲဒုတက တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲဒုတက မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတက သက်ကိုကို၊ တက ဦးထွန်း၊ တပ်သား မျိုးနိုင်ဝင်း အပါအဝင် စစ်သားနှင့် ရဲ ၁၂ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များက G3 သေနတ် ၁၀ လက်၊ MA3 သေနတ် ၁ လက်၊ MA4 သေနတ် ၁ လက်၊ 79 သေနတ် ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွစ်မန့် ၇ ခု၊ ငွေသား ၂၂ သိန်းတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကူပေးရန် ကြိုးစားခဲ့သည့် မြိုင်မြို့မရဲစခန်းမှ စစ်အုပ်စုဝင်များကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက မနက်၊ နေ့လည်၊ ည သုံးကြိမ်စလုံး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲဖြစ်ပွားသည့် ညနေပိုင်းတွင် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိရာသို့ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စခန်းသိမ်းပြီးနောက် ဇူလိုင် ၉ ရက်၊ ည ၈ နာရီ ၁၀ မိနစ်တွင် မြိုင်မြို့နယ်၊ သနပ်ရင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ၁ ဦးနှင့် လသားအရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပခုက္ကူမှ ပေါက်ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီယာဉ်တန်း ၁၄၀ ကျော်၊ အင်အား ၁၀၀၀ ကျော်နှင့်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် ကြိုတင်ရှောင်ရှားကြရန် အသိပေးထားသည်။
ဂိတ်စခန်းတိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+)၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO)၊ တပ်ပေါင်းစု (Good Brother)၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA၊ Scorpion People Defense Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

