Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံမှ အမျိုးသားများပြည်ပသို့အလုပ်လုပ်ကိုင်ခွင့် စစ်ကောင်စီပိတ်ပင်

မြန်မာနိုင်ငံအတွင်းမှ အမျိုးသားများ ပြည်ပသို့ အလုပ်လုပ်ကိုင်ခွင့် အခွင့်အလမ်းများကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့မတ်လ ၁ ရက်နေ့တွင် ယာယီပိတ်ပင်လိုက်ကြောင်း သတင်းရင်းမြစ်များမှသိရသည်။

အမျိုးသားများကို ပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ်စေလွှတ်ရန်ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက RFA သတင်းဌာနသို့ပြောကြားခဲ့ကြောင့်သိရသည်။

“ဧပြီလကုန်အထိ နားလည်မှု စာချွန်လွှာ (MOU) နဲ့ တင်ထားတဲ့ ယောက်ျားလေး စာရင်းတွေကတော့ မပါဘူး။ အရေအတွက်နည်းတဲ့ နှစ်ဖက်အစိုးရအချင်းချင်း အစိုးရ အလုပ်အကိုင် အေဂျင်စီတွေကနေတစ်ဆင့် သွားကြမယ့် အလုပ်သမားတွေလည်း မပါဘူး။ မေ ၁ ရက်နေ့ကစပြီး တင်လာတဲ့ စာရင်းတွေထဲကပဲ ရွှေ့ပြောင်းလုပ်သားအဖြစ် အမျိုးသမီးစာရင်းကိုစေလွှတ်ဖို့ ခွင့်ပြုပေးသွားမယ်။ အမျိုးသားစာရင်းကို ဆိုင်းငံ့ကာလအတွင်း လိုအပ်ချက်အရ ရပ်ဆိုင်းထားသွားမှာပါ” ဟုဆိုကြောင်း သိရသည်။

မေလ ၁ ရက်နေ့က အလုပ်လျှောက်လွှာတင်သွင်းသည့်အမျိုးသမီးများသာ ပြည်ပသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် အမျိုးသားများကို ပိတ်ပင်လိုက်သည်မှာ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ ခံတစ်ဦးက AB News သို့ပြောသည်။

” အခုက ပြည်ပကိုထွက်ဖို့အတွက် အမျိုးသားတွေက အရင်ထက်များလာတယ်။ ပြောမယ်ဆိုရင်တော့ စစ်မှုထမ်းဥပေဒေကြောင့်ပေါ့။ သူတို့ကနေ့တိုင်းလိုလိုဖမ်းဆီးနေတာ။ အမျိုးသားတွေလည်း ကိုယ်လွတ်ရုန်းတဲ့သဘောပေါ့” ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် အမျိုးသားများပြည်ပသို့အလုပ်လုပ်ကိုင်ခွင့်အား မည်သည့်အတွက်ကြောင့် ပိတ်ပင်ထားသည်ကို အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားကြောင်းတစ်စုံတစ်ရာမရှိသေးပေ။

အမျိုးသားများကိုပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ်စေလွှတ်ရန်ခွင့်မပြုသည့်အတွက်ကြောင့် စစ်ကောင်စီက ပြည်သူများအား အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းရန်ဖိအားပေးလာနိုင်ကြောင်း အမျိုးသား ၁ ဦးက ပြောသည်။

” စစ်ကောင်စီက အလိုလိုပိတ်ပင်လိုက်တာက အမျိုးသားတွေအတွက် အန္တရာယ်ရှိသွားပါပြီ၊ သူတို့က ယောကျ်ားလေးတွေကိုအဓမ္မဖမ်းဆီးတာတွေလုပ်လာမယ်။ ထွက်ပြေးရင် ဖမ်းဝရမ်းထုတ်လာနိုင်တယ် “ဟုဆိုသည်။

စစ်ကောင်စီအလုပ်သမား ဝန်ကြီးဌာနက ယာယီကန့်သတ်ထားကြောင်းသိရသော်လည်း မည်သည့်အချိန်အထိ ပိတ်ထားခြင်းကိုမသိရှိရသည့်အတွက် အမျိုးသားများ အန္တရာယ်ရှိလာနိုင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ