
AB News – ဇူလိုင် ၂၃၊ ၂၀၂၅
ချန်ဒြာ
မြန်မာစစ်တပ်နှင့် ဆက်စပ် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ပိတ်ဆို့မှုများ ပါဝင်သည့် ဥပဒေကြမ်း ၃ ခုကို အမေရိကန် အောက်လွှတ်တော် ကော်မတီက ဇူလိုင် ၂၂ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
အမေရိကန် အောက်လွှတ်တော် ကော်မတီမှ အတည်ပြုခဲ့သော ဥပဒေကြမ်း ၃ ခုမှာ ( ၁) BRAVE မြန်မာ ဥပဒေကြမ်း၊ ( ၂) BURMA GAP ဥပဒေကြမ်း နှင့် ( ၃) မြန်မာ ဘဏ္ဍာရန်ပုံငွေအသစ်မရနိုင်ရေး ဥပဒေကြမ်းတို့ ဖြစ်သည်။
BRAVE မြန်မာ ဥပဒေကြမ်းတွင် စစ်ကောင်စီနှင့် ဆက်စပ်နေသော နိုင်ငံပိုင်လုပ်ငန်းများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် လေယာဉ်ဆီထောက်ပံ့သည့် နိုင်ငံခြားကုမ္ပဏီများကို ပိတ်ဆို့မှုများ တိုးမြှင့်ခြင်း။ စစ်တပ် အာဏာသိမ်းထားသမျှ ကာလပတ်လုံး မြန်မာနိုင်ငံ၏ (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) IMF မဲပေးပိုင်ခွင့် တိုးမြှင့်မှုကို တားဆီးခြင်း။ စစ်ကောင်စီနှင့် စီးပွားရေးပံ့ပိုးသူများအပေါ် အမေရိကန်၏ ဖိအားမြှင့်တင်ခြင်းတို့ အဓိကပါဝင်သည်။
BURMA GAP ဥပဒေကြမ်းတွင် မူဆလင်ဒုက္ခသည်များနှင့် နိုင်ငံတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးခြင်း။ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် ပြစ်ဒဏ်ပေးမှု ဆောင်ရွက်ခြင်း။မူဆလင်ဒုက္ခသည်များအပါအဝင် လူမျိုးစုအားလုံး၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးခြင်းတို့ ပါဝင်သည်။
မြန်မာ ဘဏ္ဍာရန်ပုံငွေအသစ်မရနိုင်ရေး ဥပဒေကြမ်းတွင် စစ်အစိုးရအား ကမ္ဘာ့ဘဏ်မှ ငွေကြေးထောက်ပံ့မှုအသစ်များ ပိတ်ပင်ခြင်း။နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှ စစ်ကောင်စီသို့ ငွေလွှဲမှုကို ရုတ်သိမ်းထားခြင်းတို့ ပါဝင်သည်။
ယခု ဥပဒေမူကြမ်းများကို အမေရိကန်ကွန်ဂရက် အောက်လွှတ်တော်က ဆက်လက်မဲခွဲဆုံးဖြတ်မည်ဖြစ်ကာ မဲခွဲမှုအတည်ပြုပြီးနောက် ဥပဒေအဖြစ် အတည်ပြုရန် အထက်လွှတ်တော် (ဆီးနိတ်) သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။