Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံကပ်ဘေးဆိုက်နေကြောင်း ကုလပြော

ABN-နွယ်စိုး

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းခဲ့သည်မှာ ၂ နှစ််နီးပါးကြာမြင့်လာပြီး တိုင်းပြည်တွင် အကျပ်အတည်းများမှာ ဆိုးဝါးလာခဲ့သည် ဟု UNOHCR လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Turk ဇန်နဝါရီ ၂၇ ရက်နေ့က ပြောလိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊လူမှုရေး စသည့် နယ်ပယ်တိုင်းတွင် လူ့အခွင့်အရေး အခြေနေများမှာ သိသိသာသာ ဆိုးရွားလာခဲ့သည်ဟု ကုလမဟာမင်းကြီး Volker Turk ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘’အကြမ်းဖက်မှုတွေ ဖြစ်လာရင် ကာကွယ်ပေးဖို စစ်တပ်ကို ရှင်းရှင်းလင်းလင်း တရားဝင် တာဝန်တွေပေးထားပေ့မယ် နိုင်ငံတကာ ဥပဒေနဲ့ပတ်သက်တဲ့ စည်းမျဥ်းတွေကို လုံးဝ လျစ်လျူရှု ထားတယ်၊ အရပ်သား စစ်သားမခွဲခြားပဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ရွာလုံးကျွတ်မီးရှို့တာ၊ နှိက်စက်ညှင်းပမ်းတာ၊ တရားလက်လွှတ် သတ်ဖြတ်တာ၊ ကုန်းကြောင်း လေကြောင်းတွေကနေ တိုက်ခိုက်တာတွေ လုပ်နေတယ်” ဟုလည်း ကုလမဟာမင်းကြီးကပြောသည်။

ခိုင်မာသည့် သတင်းရင်းမြစ်များအရ စစ်တပ်နှင့်သူတို့အပေါင်းအပါတို့၏ လက်ချက်ကြောင့် အရပ်သားသေဆုံး ၂၈၉၀ ဦးထက်မနည်း ရှိနေပြီး သေချာစစ်ဆေးမည်ဆိုပါက စစ်တပ်လက်ချက်ဖြင့် သေဆုံးရသည့် အရပ်သားများမှာ အခုထက် ပိုများနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

ထိုသတ်ဖြတ်ခံခဲ့ရသူများထဲမှ အနည်းဆုံး ၇၆၇ဦးကို ယခင်ကပင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သားပြည်သူ မရေတွက်နိုင်အောင်လည်း သေဆုံးခဲ့ရကြောင်း ၄င်းက ဆိုသည်။

ထို့အပြင် စစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် အခြားလူပေါင်း ၁၆,၀၀၀ ကျော်ကို ထောင်ချခဲ့သည်ဟု လူ့အခွင့်အရေးရုံးက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နောက်ထပ်လူ ၁.၂ သန်းမှာ ပြည်တွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသည့်အပြင် နိုင်ငံနယ်နမိတ်ဖြတ်ကျော်ထွက်ပြေးသူ ဒုက္ခသည်မှာ ၇၀,၀၀၀ကျော် ရှိသည်ဟုလည်း ပြောသည်။

ထို့ကြောင့် Volker Turk က မြန်မာစစ်တပ်၏ သတ်ဖြတ်မှုများ ရပ်တန့်အောင်၊ မြန်မာပြည်သူသားများကို ကာကွယ်ပေးနိုင်စေရန်နှင့် အခြေခံလူ့အခွင့်အရေး လေးစားလိုက်နာမှုများ ရှိလာစေရန် ကမ္ဘာကြီးက ဝိုင်းဝန်း ဖိအားပေးနိုင်ရမည့်အချိန် ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံကို အုပ်ချုပ်နေသည်မှာ ၂ နှစ်နီးပါးရှိသည် ဖြစ်သော်လည်း ပြည်သူပြည်သားများအ‌ပေါ် အကြမ်းဖက်နှိပ်စက်နေဆဲဖြစ်သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူထုဆက်ဆံရေးဌာန၏ ShareAmerica အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

မြန်မာပြည်သူများအနေဖြင့် သူတို့၏အနာဂတ်ကို သူတို့ပုံဖော်နိုင်အောင် အမေရိကန်ပြည်တောင်စုအနေဖြင့် ယခင်ကပင် ထောက်ခံအားပေးခဲ့သည့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken၏ မြန်မာနိုင်ငံလွတ်လပ်ရေး‌နေ့က ‌ပေးပို့သည့် သဝဏ်လွှာပါရေးသားချက်ကို ရန်ကုန် အမေရိကန်သံရုံး၏ Twitter စာမျက်တွင် ပြန်လည်ဖော်ပြထားသည်။

မြန်မာနိုင်ငံကပ်ဘေးဆိုက်နေကြောင်း ကုလပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ