
ABN-နွယ်စိုး
မြန်မာစစ်တပ်မှ အရာရှိများအပါအဝင် လူ ၉ ဦးနှင့် စီးပွားရေးအဖွဲ့အစည်း ၇ ခုကို ဥရောပသမဂ္ဂ EU မှ တနင်္လာနေ့က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း သိရသည်။
EU မှ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သူများမှာ ကြည်း၊ ရေ ၊ လေ ညှိနှိုင်းကြီးကပ်ရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယ ပြည်ထဲရေးဝန်ကြီးနဲ့ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီးဦးမျိုးမြင့်ဦး၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင် တို့ပါဝင်ကြောင်းသိရသည်။
အဆိုပါ ဒဏ်ခတ်လိုက်ခြင်းနှင့် ပတ်သက်၍ ၄င်းတို့ကို ဥရောပသမဂ္ဂ EU အဖွဲ့ဝင် ၂၇ နိုင်ငံများသို့ ခရီးသွားလာခွင့်ပိတ်ပင်လိုက်ပြီး ပိုင်ဆိုင်မှုများကိုပါ ထိန်းသိမ်း ဒဏ်ခတ်အရေးယူလိုက် ကြောင်း သိရသည်။
၄င်းအပြင် Dynasty Group၊ International Gateways Group နှင့် Sky Aviator Company တို့ အပါအဝင် မြန်မာစစ်တပ်ကို လေယာဉ်ဆီနှင့် စစ်လက်နက်ဝယ်ယူပေးသည့် စီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက်မှ လူပုဂ္ဂိုလ်တချို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက် ကြောင်း သိရသည်။
ဗြိတိန်အခြေစိုက် Burma Campaign UK မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Anna Roberts က EU ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ မြန်မာစစ်တပ်အနေဖြင့် စစ်လက်နက်အထောက်အပံ့များနှင့် လေကြောင်းဖြင့် တိုက်ခိုက်နေခြင်းများကို အကန့်အသတ်ရှိသွားစေရန်အတွက် မှန်ကန်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်ကိုတွေ့ရသည်။
သို့သော်လည်း EUအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ရခြင်းများကို အကောင်အထည်ဖော်ရာမှာ နှေးကွေးလွန်းပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက်များ ၊ ဝင်ငွေအရင်းအမြစ်များကို ဖြတ်တောက်ရန် နှေးကွေးသည့် ရလဒ်များမှာ ပြည်သူများ၏ အသက်များ ပေးဆပ်နေရကြောင်း ထောက်ပြထားသည်ကိုလည်းတွေ့ရသည်။
EU အနေဖြင့် မြန်မာစစ်ကောင်စီအပေါ် အရေးယူခြင်းမှာ ၆ ကြိမ်ရှိခဲ့ပြီး လူပုဂ္ဂိုလ် ၉၃ ဦးနှင့် အဖွဲ့အစည်းပေါင်း ၁၈ ခုကိုလည်း ပိတ်ဆို့ အရေးယူထားကြောင်း သိရသည်။



