သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြောက်ပိုင်းတွင် ပျက်စီးနေသည့် လမ်း၊ တံတားများကို ULA/AA ပြုပြင်နေ

AB News – ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ပျက်စီးနေသည့် အဝေးပြေးလမ်းများနှင့် တံတားအချို့ကို အရပ်သားပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန် ULA/AA ၏ စည်ပင်သာယာရေးဌာနက ပြုပြင်မွမ်းမံနေကြောင်း သိရသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင်ကာ ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ သွားလာရေးအတွက် အဓိက အသုံးပြုမှုများသော လမ်းဖြစ်သည့် မောင်တော-ကြိမ်ချောင်းကားလမ်း၊ ဖားဝပ်ချောင်းရွာနှင့် အောင်မင်္ဂလာရွာကြားရှိ ပျက်စီးနေသော လမ်းများကို ကတ္တရာလောင်း၍ စနစ်တကျ ပြုပြင်လျက်ရှိကြောင်း မောင်တောဒေသခံများက ဆိုကြသည်။

ဖားဝပ်ချောင်းရွာနားရှိ လမ်းမကြီးသည် မောင်တောမြောက်ပိုင်းတွင် အဓိကကျသည့် လမ်းမကြီးဖြစ်သည့်အတွက် စည်ပင်ဌာနက ဦးဆောင်ကာ ရွာခံများနှင့် အတူတကွ ပူးပေါင်းပြုပြင်နေခြင်းဖြစ်ပြီး ၂၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး အချိန်မီ ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်အနီးအနားမှ ၄၁ မိုင်ခန့်ရှည်လျားသည့် ဘော်တူလာရွာအထိ ဆက်သွယ်ထားသော လမ်းမကြီးတစ်လျှောက် မြစ်လက်တက်ချောင်းများကို ဖြတ်၍ ဖောက်လုပ်ထားသည့် တံတားငယ် ၁၀ ခုထက်မနည်းရှိပြီး ထိုအထဲမှ ပျက်စီးနေသည့် တံတားအချို့ကိုလည်း ပြုပြင်ပေးနေကြောင်းသိရသည်။

ယင်းအပြင် ULA/AA အနေဖြင့် ဘူးသီးတောင်- မောင်တော ကားလမ်းမကြီးကိုလည်း ဒေသခံများ သွားလာရေးအဆင်ပြေစေရန် တဖြည်းဖြည်း ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။

ULA/AA သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် တိုးတက်အောင် တဖြည်းဖြည်းချင်း ကြိုးစားဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ