သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် ၊ ​ကျောက်ပန္ဒူအနီးတွင်ရှိသော စစ်ကောင်စီနေဗီ၂စီးက လက်နက်ကြီးများဆက်လက် ပစ်ခတ်နေပြီး ၊ ဒရုန်းများဖြင့်ကင်းထောက်နေ

AB News – ဒီဇင်ဘာ ၁၈ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ် ၊ ကျောက်ပန္ဒူအနီးတွင်ရှိသော စစ်ကောင်စီနေဗီ ၂ စီးက နေ့ရော့ ညိဥ့်ပါ လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး ဒရုန်းများဖြင့်ကင်းထောက်နေကြောင်း ကြားသိရသည်။

အာရက္ခတပ်တော် AA က မောင်တောမြို့ကို သိမ်းပြီးနောက်ပိုင်းတွင် ကျောက်ပန္ဒူအနီးတွင်ရှိသည့် စစ်ကောင်စီနေဗီ ၂ စီးသည် ပြည်သူများနေထိုင်သည့်ကျေးရွာများသို့ လက်နက်ကြီးများလှမ်းပစ်နေပြီး ဒရုန်းများဖြင့်ပါ ကင်းထောက်နေကြောင်း AB News သတင်းထောက်များအား ကျေးရွာသားများက  ပြောသည်။

“သူတို့က ပြည်သူတွေအိမ်မောကျချိန်တွေမှာ လက်နက်ကြီးတွေပစ်တယ်။ နေ့ဘက်တွေမှာလည်း လက်နက်ကြီးတွေပစ်တယ်။ တစ်ခါပစ်ရင် ၂ လုံးဆက်တိုက်ပစ်တယ်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွေပျက်စီးတာတွေရှိတယ်။ ပြီးတေ့ာ ဒရုန်းတွေနဲ့ ကင်းထောက်တယ်” ဟုဆိုသည်။

ယမန်နေ့ ၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ၊ နံနက်ပိုင်းအချိန်တွင်လည်း ကျောက်ပန္ဒူအနီးတွင်ရှိသည့် စစ်ကောင်စီနေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရွှေဇားကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်အချို့မီး​လောင်ပျက်စီးသွားခဲ့သည်။

ထို့အပြင် မောင်တောမြို့နယ်၌ စစ်​ကောင်စီနေဗီမှ ယမန်နေ့ည ၄ နာရီ ၄၅မိနစ်တွင် ၂ ကြိမ် ၊ ၄ နာရီ ၅၈ မိနစ်တွင် ၂ ကြိမ် နှင့် ညဥ့် ၁၁ နာရီ ၃၅ မိနစ်တွင် ၄ ကြိမ်ပစ်ခတ်ခဲ့ပြီး၊ ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား အတိကျသိရှိရန် AB News မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မောင်တောမြို့နယ် တစ်ခုလုံးရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို အာရက္ခတပ်တော်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ