
AB News-မတ်လ ၇၊ ၂၀၂၅
မောင်တောမြို့နယ် အာရက္ခရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ငါးခိုးဖမ်းသည့် လှေ ၁ စင်း ကို ထပ်မံဖမ်းဆီးလိုက်ကြောင်း AB News က စုံစမ်းသိရှိရသည်။
၎င်းလှေကို မောင်တောမြို့နယ်၊ ဥဒေါင်းချောင်းဝ၏အနောက် ၄ ကီလိုမီတာခန့်အကွာတွင် မတ်လ ၆ ရက်နေ့က ဖမ်းဆီး ရမိခဲ့ပြီး ငါးဖမ်းလှေနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးပါရှိကြောင်း သိရသည်။
၎င်းတရားမဝင်ငါးဖမ်းလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို အာရက္ခတပ်တော်က ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“မနေ့က ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းဘုတ်တစ်စင်းကို ဖမ်းလိုက်တယ်လို့ သိရပါတယ်။ လူ ၆ ယောက်ပါပါတယ်။ အားလုံးကို စစ်ဆေးနေတယ်လို့ သိထားပါတယ်။” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမားများသည် အာရက္ခရေပိုင်နက်အတွင်း ကန့်သတ်ထားသည့် ငါးဖမ်းပိုက်များကို အသုံးပြု ငါးဖမ်းဆီးမှုများကြောင့် အချို့သော ငါးမျိုးစိပ်များ ရှားပါးနေပြီဟု ဒေသခံ ရေလုပ်သားများက ပြောသည်။
အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းဘုတ်များကို အာရက္ခတပ်တော် ကမ်းခြေစောင့်အဖွဲ့က မကြာခဏ ဖမ်းဆီးမှုများရှိလာသည်ကိုတွေ့ရသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းပြီးနောက် ဘင်္ဂလာနိုင်ငံသို့ အာရက္ခတပ်တော်က ပြန်လည် လွှဲပြောင်းပေးသည်ကိုလည်း တွေ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင် ငါးဖမ်းလာသည့် ငါးဖမ်းသမား ၂၉ ဦးအား အာရက္ခတပ်တော် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) လက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။