
AB News – မတ် ၁၅၊၂၀၂၅
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော စစ်ကျန်မိုင်းများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ရက်နေ့မှ ယခုမတ်လ ၁၅ရက်နေ့အထိ ၂လခွဲအတွင်း အရပ်သား ၁ဦး သေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မောင်တောမြို့၊ သင်္ဘောလှရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ရက်နေ့က မြေမြှပ်မိုင်းနင်းမိပြီး အသက်၂၁နှစ်အရွယ် မနေဇာခိုင် ဘယ်ဘက်ခြေထောက်ပြတ်သွားကြောင်း သိရသည်။
ဇန်နဝါရီလ ၂၉ရက်နေ့တွင်လည်း မောင်တောမြို့ ၊ ရွှေဇားဂုန်းနားရွာ (မူဆလင်)မှ အသက် ၇နှစ်အရွယ် မောင်ကုရ်ရှိတ်အာလာသည် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ပြတ်တောက်ခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ရွှေဇားဂုံးနား(မူဆလင်) ကျေးရွာရှိ အသက်၃၀အရွယ် ဒေါ်နူရ်ကိုင်ဒါသည် မိုင်းနင်းမိ၍ ညာခြေထောက်ပြတ်ထွက်သွားပြီး ကျော်မြင့်နိုင် (ခ) မာမတ်ဆော်လိမ် နှင့် အသက် ၂နှစ်အရွယ် ရှာဟဲအာတာတို့သည် မိုင်းစထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။
မောင်တောမြို့၊ ၃မိုင်ရပ်ကွက်မှ အသက်၁၈နှစ်အရွယ် ကိုမောင်ထွန်းစိန်သည် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် မြေမြှပ်မိုင်းနင်းမိ၍ ညာခြေထောက်နဲ့ မျက်လုံးများတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ရွှေဇားဂုံးနားကျေးရွာမှ အသက် ၂၂နှစ်အရွယ် ဖေရုစ်ခါန် သည် မြေမြှပ်မိုင်းနင်းမိ၍ ပေါင်နှစ်ဘက်ပြတ်ထွက်ကာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများမှာ အသက်၁၈နှစ်အရွယ်မာမတ်ဟူးဆောင်း၊ အသက်၂၃နှစ်အရွယ် မောင်မြင့်နိုင် ခ မာမတ်နူရ်၊ အသက်၃၀အရွယ်မာမတ်ဇူနိုင် နှင့် အာရ်တာအာမောက် တို့ဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတွင် စစ်ကျန်မိုင်းနင်းမိ၍ အသက်၂၅နှစ်အရွယ် ကိုမောင်ထွန်းအေး ဘယ်ခြေထောက်ပြတ်သွားခဲ့သည်။
မတ်လ ၁၃ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော်အချိန်တွင် မောင်တောမြို့ ၊ ရွှေဇား(အနောက်) မူဆလင်ကျေးရွာမှ မာမောက်ယာဆိမ့်သည် ရွာသားများနှင့်အတူ ငါးရှာသွားစဥ် ရွာအနောက်ဘက် ခြံစည်းရိုးနားအရောက်တွင် စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်နှင့် ဘယ်ဘက်မျက်စိ ဆုံးရှုံးခဲ့ရသည်။
မောင်တောမြို့၊လသာရပ်ကွက်မှ ငါးရှာသွားသည့် အသက် ၄၄နှစ်အရွယ် အဒူဟာလေ့ခ်သည် မတ်လ ၁၄ရက်နေ့တွင် စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။
မတ်လ ၁၃ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော်အချိန်တွင် မောင်တောမြို့ ၊ ရွှေဇား(အနောက်) မူဆလင်ကျေးရွာမှ မာမောက်ယာဆိမ့်သည် ရွာသားများနှင့်အတူ ငါးရှာသွားစဥ် ရွာအနောက်ဘက် ခြံစည်းရိုးနားအရောက်တွင် စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်နှင့် ဘယ်ဘက်မျက်စိဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီအဖွဲ့မှ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းများ မကြာခဏ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အရပ်သားပြည်သူများမှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြားလာနေသည်ကို တွေ့ရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့်လည်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များထောင်ခြင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။