သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် (၁၅) ကြိမ်မြောက် သက္ကမ အမျိုးသားနေ့ကို စည်ကား သိုက်မြိုက်စွာကျင်းပ

AB News – ဇန်နဝါရီ ၇ ၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့၌ ကျရောက်သော (၁၅) ကြိမ်မြောက် ဒိုင်းနက် ( ခေါ် )သက္ကမအမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း AB Newsက ကွင်းဆင်းတွေ့ရှိရသည်။

အဆိုပါ အမျိုးသားနေ့ အခမ်းအနားကို မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာ ကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အာရက္ခပြည်သူ့​တော်လှန်​ရေးအစိုးရက လုံခြုံရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဆရာတော် သံဃာတော်များ၊ သက္ကမလူမျိုးစု ခေါင်းဆောင်များ၊ အာရက္ခတပ်တော်မှ စစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင်များ နှင့် တာဝန်ရှိသူများအပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်များမှ သက္ကမတိုင်းရင်းသား အင်အားထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဘူးသီးတောင်မြို့နယ်၊ ပြိန်းချောင်းကျေးရွာမှ သက္ကမလူမျိုးစု ရေးရာပြန်ကြားရေးတာဝန်ခံ ဦးထွန်းဖြူက မိမိတို့စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန် အရေးကြီးကြောင်း ပြောဆိုထားသည်။

“‘စာပေပျောက်ရင် လူမျိုးပျောက်မယ်’ ဆိုတဲ့ စကားအတိုင်းပဲ၊ ကျ​နော်တို့ သက္ကမလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ စာပေဟာ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ရိုးရာနဲ့စာပေကို ဆက်လက်ပြီး ထိန်းသိမ်းစေချင်တယ်။ အခုလို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ပံ့ပိုးမှုနဲ့ အမျိုးသားနေ့ကို ခမ်းခမ်းနားနား ကျင်းပခွင့်ရတာဟာ လူမျိုးစုအတွက် ဂုဏ်သိက္ခာသစ် တစ်ရပ်ဖြစ်သလို၊ တိုင်းရင်းသားအချင်းချင်းကြားက တန်းတူညီမျှမှုကို ပြသတာလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။

ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသည့် သက္ကမကျောင်းသား မောင်ခိုင်လင်း ကလည်း
“ကျ​နော့်ဘဝမှာ ဒီလောက်စည်ကားတဲ့ ကိုယ့်လူမျိုးရဲ့ အမျိုးသားနေ့ကို တစ်ခါမှ မကြုံဖူးပါဘူး။ ကိုယ့်ရဲ့ ရိုးရာဝတ်စုံကို ဂုဏ်ယူဝံ့ကြွားစွာ ဝတ်ဆင်ပြီး တခြားတိုင်းရင်းသား ညီအစ်ကိုတွေနဲ့ အတူတူ ဆင်နွှဲရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။ နောင်အနာဂတ်မှာလည်း ကျွန်တော်တို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှုကို ဒီထက်မက ထိန်းသိမ်းသွားဖို့ ခွန်အားတွေ ရခဲ့ပါတယ်” ဟု ဆိုသည်။

ပွဲတော်အတွင်း သက္ကမ စာ​ပေ၊ ရိုးရာအစားအစာများနှင့် ဝတ်စားဆင်ယင်မှု ဓ​လေ့ ထုံးတမ်းများကို ပြတိုက်ငယ်တစ်ခုသဖွယ် ခင်းကျင်းပြသခဲ့သည် ကိုတွေ့ရသည်။

ထို့အပြင် သက္ကမရိုးရာအက၊ ရက္ခိုင်ရိုးရာအက၊ မြိုရိုးရာအကများနှင့် အခြားသော တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သက္ကမလူမျိုးများက ဆိုသည်။

​#ChakmaNationalDay # AB_ News #Maungdaw #RakhineState #ULA #AA# CulturesOfArakan #EthnicUnity #January7

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ