
AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၅
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေဗဟိုကျေးရွာတွင် ဒေသခံတစ်ဦး ပိုင်ဆိုင်သည့် နွား ၂ ကောင် ခိုးယူခံရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ ဒီဇင်ဘာ ၃၀ ရက်၊ ညနေ ၆ နာရီအချိန်တွင် နွားပိုင်ရှင်ဖြစ်သူသည် ၎င်းပိုင်ဆိုင်သည့် နွား ၁၅ ကောင်အား ကျေးရွာအပြင်ဘက်ရှိ ခြံအတွင်း ချည်နှောင် ထားခဲ့ရာမှ နွား ၂ ကောင် ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
နွားခိုးယူ ခံရသူမှာ အဖဦးရွှေဖြူထွန်း၏သား၊ အသက် ၃၇ နှစ်အရွယ် ဦးထွန်းသာနုဖြစ်ပြီး ခိုးယူခံရသည့် နွားများမှာ နီညိုရောင် နွားမ ၁ ကောင်နှင့် မီးခိုးရောင် နွားမ ၁ ကောင်၊ စုစုပေါင်း နွား ၂ ကောင် ဖြစ်ကြောင်း သိရသည်။
ဒေသခံတစ်ဦးက “အခုနောက်ပိုင်း နွားခိုးမှုတွေက ပိုစိပ်လာတယ်။ အရင်ကလည်း နွားတွေပျောက်ရင် ပြန်ရှာမရတော့ဘူး။ အုပ်စုလိုက်လာပြီး ခိုးသွားတာမျိုးတွေရှိသလို၊ လယ်ကွင်းထဲကနေ အတင်းဆွဲခေါ်သွားတာမျိုးတွေလည်း ကြုံနေရတယ်” ဟု AB News သို့ ပြောသည်။
မောင်တောမြို့နယ်အတွင်း နွားခိုးမှု ဖြစ်စဉ်များမှာ ယခင်ကတည်းက ရှိခဲ့ပြီး၊ အဆိုပါခိုးမှုများကို နယ်စပ်နှင့် တောတောင်များအတွင်း ခိုအောင်းလှုပ်ရှားနေသည့် ARSA အဖွဲ့ဝင်များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ARSA အဖွဲ့ဝင်များသည် ၎င်းတို့၏ စားနပ်ရိက္ခာအတွက် ဒေသခံများ၏ ကျွဲနွားများကို ခိုးယူသတ်ဖြတ်လေ့ရှိကြောင်း ကိုင်းကြီးရွာသားများက ထောက်ပြ ပြောဆိုကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်အတွင်းကလည်း မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာရှိ ဒေသခံများပိုင် နွား ၁၀ ကောင် ပျောက်ဆုံးခဲ့ပြီး၊ လိုက်လံရှာဖွေရာတွင် နွားများအား သတ်ဖြတ်ကာ လှီးဖြတ်ထားသည့် သွေးကွက်များကိုသာ တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာလည်း ARSA အဖွဲ့ဝင်များက နွားများကို ခိုးယူကာ တောအတွင်း၌ပင် သတ်ဖြတ်၍ အသားများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက မှတ်ချက် ပြုကြသည်။
မောင်တောမြို့နယ်အတွင်း ဖြစ်ပွားလာနေသည့် နွားခိုးမှုများ နှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးတိုးမြှင့်ပေးရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။