
AB News – မတ် ၂၉ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ် ၊ ချရားတန်းကျေးရွာမှ အမျိုးသား ၂ ဦးသည် စစ်ကျန်ဗုံးသီး ၁ လုံးကို ထုခွဲ ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ၊ မတ်လ ၂၈ ရက်နေ့ ၊ ညနေ ၅ နာရီအချိန်ခန့်တွင် မာန်ကောက်သည် ရွာအပြင်မှ ရရှိလာသော စစ်ကျန်ဗုံးသီးကို နေလင်းဟိန်းနှင့်အတူ ဓားဖြင့်ထုခွဲခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူ ၁ ဦးက AB News သို့ပြောသည်။
” မနေ့က ညနေလောက်မှာ မာန်ကောက်ကရွာ အပြင်ကနေ ဗုံးသီး ၁ လုံးရလာခဲ့တယ်။ အဲ့ဒီဗုံးသီးကို နေလင်းဟိန်းနဲ့အတူ ဓားနဲ့ထုခွဲဆေ့ာကစားရာကနေ ပေါက်ကွဲမှုဖြစ်တာ။ နေလင်းဟိန်းမှာ ဘယ်ဘက်လက် ၃ ချောင်းပွန်းပဲ့ဒဏ်ရာရသွားတယ်။ မာန်ကောက်မှာလည်း နား ၂ ဘက်လုံး ကန်းသွားတယ်” ဟု ဆိုသည်။
စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသော သူများမှာ အသက် ၂၀ အရွယ် မာန်ကောက်(မြို)နှင့် အသက် ၁၅ နှစ်အရွယ် နေလင်းဟိန်း (ရခိုင်) တို့ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့ ၂ ဦးလုံးကို နီးစပ်ရာ ဆေးခန်းသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကြောင်း သိရသည်။
မတ်လ ၂၅ ရက်နေ့ကလည်း မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ ဦးပိန်ညိုသည် စစ်ကောင်စီအဖွဲ့ ထောင်ထားခဲ့သော စစ်ကျန်မြေမြှုပ်မိုင်းအား နင်းမိပြီး ညာဘက်ခြေထောက် ပြတ်တောက်ခဲ့ရသည်။
အလားတူ မတ်လ ၂၁ ရက်နေ့က တောက်ကုတ်မြို့နယ် ရန်ခိုကျေးရွာမှ ဦးကျော်မြင့်သည် စာသင်ကျောင်းနှင့် ဆီဆိုင်ကြားရှိ လမ်းတွင် သွားလာနေစဉ် စစ်ကျန်မိုင်း ၁ လုံးကို နင်းမိခဲ့သောကြောင့် ညာဘက်ခြေထောက်နှင့် ဆီးခုံတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
အာရက္ခတပ်တော် AA က လွတ်မြောက်နယ်မြေများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်နေသည်ကို တွေ့ရသော်လည်း စစ်ကျန်လက်နက်များမှာ ဆက်လက်ကျန်ရှိနေသေးသည်ကို တွေ့ရသည်။
ထို့အပြင် ပြည်သူအချို့မှာ စစ်ကျန်လက်နက်များနှင့်ပတ်သက်၍ လုံလောက်သည့် အသိပညာများ မရရှိသေးသည်ကိုလည်း တွေ့နေရသည်။