သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် အိမ်ခြံဝင်း သန့်ရှင်းရေးလုပ်စဥ် စစ်ကျန်ဗုံးသီး ၁ လုံး တွေ့ရှိ

AB News – မတ် ၁၊ ၂၀၂၅

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ (၃) မိုင်ရပ်ကွက်တွင် အရပ်သား ၁ ဦး အိမ်ခြံဝင်း သန့်ရှင်းရေးလုပ်စဥ် စစ်ကျန်ဗုံးသီး ၁ လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကျန်ဗုံးသီး တွေ့ရှိသူမှာ ဦးစောထွန်းဖြူ၏သား အသက် ၆၃ နှစ်အရွယ် ဦးဘလှ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အိမ်ခြံဝင်းအား သန့်ရှင်းရေးလုပ်နေစဉ် စစ်ကျန်ဗုံးသီးကို တွေ့ရှိခဲ့ပြီး အိမ်တွင်ထားရန် ဘေးအန္တရာယ်များသောကြောင့် အာရက္ခတပ်တော် (AA) ထံ သွားရောက် အပ်နှံခဲ့ကြောင်း ၎င်းက AB News သို့ ပြောသည်။

“ဒီနေ့ အိမ်သန့်ရှင်းရေးလုပ်နေတုန်း တွေ့တာ။ ကျနော်လည်း လန့်သွားတာ။အိမ်မှာထားဖို့ အန္တရာယ်များလို့ AA ကို သွားပေးခဲ့တယ်” ဟု ဆိုသည်။

အိမ်ခြံဝင်း သန့်ရှင်းရေးလုပ်ရာ၌ တွေ့ရှိခဲ့သော စစ်ကျန်ဗုံးသီးမှာ MG-1 ဗုံးသီးအမျိုးအစား ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီ နှင့် AA တို့သည် (၃) မိုင်ရပ်ကွက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီသည် နေအိမ်များတွင် တပ်စွဲနေထိုင်ခဲ့သောကြောင့် ၎င်းတို့၏ ဗုံးသီးဖြစ်နိုင်ကြောင်း သူက ဆိုသည်။

ဦးဘလှသည် နေအိမ်သို့ ဝင်ရောက်နေထိုင်သည်မှာ ၃ ပတ်ခန့် ကြာပြီဖြစ်သော်လည်း မိသားစုများ ဝင်ရောက်နေထိုင်သည်မှာ ၃ ရက်ခန့်သာ ရှိသေးကြောင်း သိရသည်။ မိသားစုများ ဝင်ရောက်နေထိုင်သောကြောင့် အိမ်ခြံဝင်းအား သန့်ရှင်းရေးလုပ်စဉ် စစ်ကျန်ဗုံးသီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ (၃) မိုင်ရပ်ကွက်တွင် ပြည်သူအချို့ ဝင်ရောက်နေထိုင်နေပြီဖြစ်ပြီး ပြည်သူလူထု၏ နေအိမ်များနှင့် လမ်းများတွင် စစ်ကျန်လက်နက်ခဲယမ်းများ တွေ့ရှိရပြီး စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူအချို့ အသက်အန္တရာယ် ထိခိုက်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နေ့လည် ၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်း (၃) မိုင် ဝေသာလီရပ်ကွက်ရှိ မူလတန်းကျောင်းအရှေ့ဘက် အောင်ကျော်စိန်ပိုင်ဆိုင်သော ခြံဝင်းအား အငှားသန့်ရှင်းရေးလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း နင်းမိ၍ မောင်ထွန်းစိန်မှာ ညာဘက်ခြေထောက်နှင့် မျက်စိ ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ