AB News – ဧပြီ ၅၊ ၂၀၂၅
မောင်တောတွင် အာရက္ခတပ်တော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ယမန်နေ့ နေ့လည် ၁၂နာရီ၊ ၄၈မိနစ်ခန့်အချိန်တွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ARSA အကြမ်းဖက်တစ်ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အသေဖမ်းဆီးရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
မောင်တောမြို့နယ်၊ လဘာဝကျေးရွာ၏ အနောက်မြောက်ဘက် ၁၂၀၀ မီတာခန့်အကွာတွင် အာရက္ခတပ်တော်နှင့် ARSA အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
“လဘာဝရွာပျက်ရဲ့ အနောက်ဘက်ကို ARSA အကြမ်းဖက်တွေ ချဉ်းကပ်လာတာ ရှိပါတယ်။ အဲဘက်မှာ တပ်တော်က နယ်မြေရှင်းလင်းတဲ့အခါ လက်နက်ကိုင်မူဆလင်တွေကို တွေ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ARSA အကြမ်းဖက် တစ်ဦးသေပြီး နောက် ၂ဦး ထွက်ပြေးသွားတယ်” ဟု ဆိုသည်။
သေဆုံးသွားသည့် ARSA အဖွဲ့ဝင်တစ်ဦးနှင့်အတူ စစ်ကောင်စီ၏ ကပစထုတ် G-3 သေနပ် နှစ်လက်နှင့် ကျည်ဆန်အပါအဝင် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နယ်စပ်အနီးတွင် ခိုလှုံပြီး ရက္ခိုင်ပြည်ထဲသို့ ဝင်ရောက်ကာ ဒေသခံ ပြည်သူများအပေါ် ဖမ်းဆီး၊ သတ်ဖြတ်၊ အဓမ္မပြုကျင့်၊ ပြန်ပေးဆွဲ၊ ငွေညစ်မှု၊ လူမှုကွန်ရက်စာမျက်နှာများတွင် ကြောက်ရွံမှုဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် လှုပ်ရှားသွားလာနေသည့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များဖြစ်သော ARSA၊ RSOနှင့် ARA အဖွဲ့များ၏ အကြမ်းဖက်မှုများသည် နယ်စပ်ဒေသအနီးနေထိုင်ကြသည့် ဒေသခံများအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ကလည်း မောင်တောမှ ရသေ့တောင်၊ စေတီပြင်ရွာသို သွားသည့် တုတ်တုတ်သုံးဘီး တစ်စီးကို အကြမ်းဖက်မူဆလင် ARSA အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ထွက်ပြေးလွတ်မြောက်ခဲ့သည့် အကြမ်းဖက်မူဆလင် ARSA အဖွဲ့ဝင်များကို အာရက္ခတပ်တော်က လိုက်လံရှာဖွယ်နေပြီး နယ်မြေရှင်းလင်းရေးများကို လုပ်ဆောင်နေကြောင်း သိရှိရသည်။