
AB News – သြဂုတ် ၁၄ ၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ် ၊ရေနောက်ငါးသား (ဒိုင်းနက်ကျေးရွာ)မှ အမျိုးသား ၁ ဦးသည် ငါးမျှားနေစဥ် ဝက်ရူးပြန်ရောဂါ ဖောက်လာပြီး ရေနစ်သေဆုံး သွားခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသွားသူမှာ ရေနောက်ငါးသား (ဒိုင်းနက်)ကျေးရွာမှ အဖ ဦးထွန်းစိန်အောင်၏သား အသက် ၂၅ နှစ်အရွယ် ကိုမျိုးထွန်းဖြစ်ကြောင်း သိရသည်။
ကိုမျိုးထွန်းသည် သြဂုတ်လ ၁၁ ရက်နေ့က ပြူးမချောင်းတွင် သူငယ်ချင်းနှစ်ဦးနှင့်အတူ ငါးမျှားနေစဉ်၊ သူငယ်ချင်းများ တောထဲသို့ ဟင်းခူးရန် သွားရောက်နေချိန်၌ ရောဂါဖောက်လာကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။
၎င်း၏ ရုပ်အလောင်းကို သြဂုတ်လ ၁၃ ရက်နေ့တွင် ကြိမ်ချောင်းကျေးရွာအနီးရှိ ပြူးမချောင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ပြီး သဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
မိုးရာသီကာလအတွင်း ရက္ခိုင်တွင် ရေကြီးရေလျှံမှု နှင့် ရေနစ်သေဆုံးမှုများကြောင့် လူပေါင်း ၂၁ ဦးခန့် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။