
AB News – မတ် ၉၊ ၂၀၂၆
မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာတွင် လယ်ကွင်းပြင်ကို ဒေသခံများက မီးတိုက်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံးရေး(WFP) ၏ အသင့်နေအိမ် (Assemble Board Houses) ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ရွာခံတွေ လယ်ပြင်ကို မီးတိုက်ကြတာ ရွာအနောက်နဲ့ ကပ်ရပ်က WFP ဂိုဒေါင်ခြံဝင်းကို မီးကူးပြီး သူတို့ရဲ့ အသင့်နေအိမ် ၁ လုံး မီးလောင်တဲ့ထဲ ပါသွားတာ” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ အသင့်နေအိမ်မှာ အလျား ၁၆ ပေ၊ အနံ ၈ ပေနှင့် အမြင့် ၈ ပေရှိသည့် ကမ္ဘာစားနပ်ရိက္ခာဖူလုံရေးအဖွဲ့၏ နေအိမ်ဖြစ်သည်။
“နေလယ် ၁ နာရီ၊ ၄၀ မိနစ်က မီးလောင်နေတာ မီးသတ်ဌာနက မီးလာငြိမ်းလို့ ၃ နာရီလောက်မှာ မီးငြိမ်းသွားတယ်။ မဟုတ်ရင် ရွာထဲက အိမ်တွေအထိ မီးကူးကုန်သွားမှာ။ အချိန်မီ မီးလာသတ်ပေးတာကို ကျေးဇူးတင်ရမယ်” ဟု ရွာခံတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ မောင်တော မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၉ ဦး၊ အရံတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦးတို့မှ မီးသတ်ကားဖြင့်လာရောက်၍ မီးငြိမ်းသတ်ခဲ့၍ နေ့လယ် ၃ နာရီအချိန်တွင် မီးငြိမ်းသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း မောင်တော်မြို့၊ မူဆလင်များနေထိုင်သည့် ရပ်ကွက် ၂ တွင် အကြောင်းအရင်းမသိရသည့် မီးလောင်မှုဖြစ်ပွားကာ နေအိမ် ၂ ဆောင် မီးလောင်ပြာကျခဲ့ရသည်။
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ရက္ခိုင်ပြည်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဌာနအတွက် သင်တန်းသားများခေါ်ယူကာ လူမျိုးပေါင်းစုံတက်ရောက်သည့် မီးသတ်သင်တန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွင့်လှစ်လျက်ရှိသည်။
ယင်းအပြင် မီးဘေးသတိပေးချက်များ ထုတ်ပြန်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။