သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် မီးလောင် ဒဏ်ရာဖြင့် အမျိုးသား ၁ ဦး သေဆုံး

AB News – နိုဝင်ဘာ ၁၇၊ ၂၀၂၅
နွယ်စိုး

​ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဓာတ်ဆီဖြည့်စဥ် မီးလောင်မှု ဖြစ်ပွားခဲ့မှုကြောင့် ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည့် အမျိုးသား ၂ ဦး အနက် ၁ ဦးသည် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် ဆေးကုသမှု ခံယူနေစဥ်အတွင်း သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

​သေဆုံးသွားသူမှာ မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာမှ အသက် ၃၃ နှစ်အရွယ် ဦးကျော်မိုးလှိုင် ဖြစ်သည်။

၎င်းသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ပြင်းထန်သော မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ် သေဆုံးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

​ဦးကျော်မိုးလှိုင်၏ မိသားစုဝင်တစ်ဦးက “မနေ့ည ၈ နာရီခွဲလောက်က သေဆုံးသွားတာပါ။ သူ မသေခင် စကားတွေ ပြောနေခဲ့သေးတယ်၊၊ ရုတ်တရက် အသက်ရှူ ကြပ်တယ်ဆိုပြီး ထအော်တယ်။ ဆရာဝန်က ကျောက်ကပ် အစားထိုးရမယ် ပြောနေရင်းနဲ့ သေဆုံးသွားတာပါ” ဟု ဆိုသည်။

​အဆိုပါ မီးလောင်မှုဖြစ်စဥ်သည် နိုဝင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ လောင်းဒုံ ကျေးရွာရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

​၎င်းတို့နှစ်ဦးသည် ဓာတ်ဆီဆိုင်တွင် ဆီဖြည့်နေစဥ် ဓာတ်ဆီဗူးမှောက်ကျကာ မြေပြင်သို့ စီးကျခဲ့ပြီး အနီးရှိ မီးပုံထဲသို့ ကူးစက်၍ ရုတ်တရက် မီးတောက်လောင် ခြင်းဖြစ်ကြောင်း မိသားစုဝင်များ ပြောပြချက် အရသိရသည်။

​မီးလောင်မှုကြောင့် လောင်းဒုံကျေးရွာမှ ဦးကျော်မိုးလှိုင်မှာ ခန္ဓာကိုယ်အနှံ့အပြားတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ကြိမ်ချောင်းကျေးရွာမှ မောင်ဖြိုးဝင်းမှာမူ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်လက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို သင်္ဂြိုလ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ