
AB News – ဧပြီ ၂၈၊ ၂၀၂၅
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် တိုက်ပွဲကာလအတွင်းစစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို နင်းမိ၍ အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းနိုင်သည် မောင်တောမြို့၊ ၄/မိုင်ရပ်ကွက်စု၊ သီဟိုဠ်အေး(မြို) ကျေးရွာမှ ဦးဆာင၏ သားဖြစ်ကြောင်း သိရသည်။
၎င်းသည် ယမန့်နေ့ဧပြီလ ၂၇ နံနက် ၁၀ နာရီ ၅၀ ခန့်အချိန်တွင် သီဟိုဠ်အေး(မြို)ကျေးရွာ၏ မြောက်ဖက် သီဟိုဠ်ခြံတောင်ကုန်းသို့ ပိန္နဲသီးခူးရန် သွားစဥ် ယခင်တိုက်ပွဲကာစစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို နင်းမိပြီး ဗုံးပေါက်ကွဲခြင်းဖြစ်ခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။
ထိုမိုင်းပေါက်ကွဲမှုကြောင့် မောင်ထွန်းနိုင်၏ ညာဘက်ခြေထောက်၏ ခြေမျက်စိအောက်မှ ပြတ်ထွက်သွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ကလေးငယ်မှာ နီးစပ်ရာဆေးခန်းတစ်ခုတွင် ဆေးကုသမှုခံယူနေရ ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့တွင်လည်း တောင်ကုတ်မြို့၊ ဖုံညိုကျေးရွာတွင်လည်း စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို နင်းမိသဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ခြေ ၁ ဖက် ပြတ်ထွက်ခဲ့ရသည်။
ရက္ခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် (ULA/AA) သည် မိုင်းရှင်းလင်းရေး လုပ်ငန်းများအပြင် မိုင်းနှင့် စစ်ကျန်လက်နက်များအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်း၊ မိုင်းသတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့သော ကြိုးပမ်းအားထုတ်မှုများ ရှိနေသော်ငြားလည်း မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူ အများစုမှာ အသက်ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းကဲ့သို့သော ဆိုးရွားသည့် အကျိုးဆက်များကို ဆက်လက် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။