
AB News – ဇူလိုင် ၁၂၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မှ လက်နက်များနှင့်အတူ ထွက်ပြေးလွတ်မြောက် သွားခဲ့သော စစ်သုံ့ပန်း ၂ ဦးအား ဘူးသီးတောင်မြို့နယ်တွင် ပြန်လည် ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က မောင်တောမြို့နယ်မှ စစ်သုံ့ပန်း ၂ ဦးသည် သေနတ် ၁ လက်နှင့် ကျည်ဆံ ၂၀ ကျော်တို့ဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သူတစ်ဦးက AB News သို့ ပြောသည်။
“စစ်သုံ့ပန်း ၂ ယောက် ထွက်ပြေးသွားတာ။ သူတို့နဲ့အတူ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေပါသွားတယ်။ အခုတော့ သူတို့ကို ဖမ်းမိပြီလို့ သိရတယ်” ဟု သတင်း ရင်းမြစ်က ဆိုသည်။
ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် စစ်သုံ့ပန်း ၂ ဦးကို ဇူလိုင်လ ၁၀ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင် မူဆလင်ကျေးရွာအနီး၌ AA က ပြန်လည် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ရက္ခိုင်ပြည်ရှိ မြို့ ၁၅ မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သည်။
မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ထောင်နှင့်ချီရှိနေပြီး ၎င်းတို့အား စစ်သုံ့ပန်း ဥပဒေနှင့်အညီ အပြည့်အဝ ထိန်းသိမ်း စောင့်ရှောက် ပေးထားကြောင်းလည်း သိရသည်။