AB News – ဇူလိုင် ၈ ၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုကြောင့် မောင်တောတွင် တေဘာကား ၁ စီး ချောင်းထဲသို့ မျောပါသွားခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က မောင်တောမြို့နယ်တွင် နံသာတောင်ကျေးရွာသို့ ပစ္စည်းတင်ရန်သွားသည့် တေဘာကား ၁ စီးသည် ရေကျော်တံတားအားဖြတ်ကူးရာတွင် တောင်ကျချောင်းရေအဟုန်ကို မထိမ်းနိုင်ဘဲ ချောင်းထဲသို့ မျောပါသွားခဲ့ကြောင်း သိရှိရသည်။
မောင်တောမြို့နယ်မှ ဒေသခံ ၁ ဦးက “ သူတို့က ပစ္စည်းတင်ဖို့သွားတာ ။ ရေကျော်တံတားကိုဖြတ်ကူးတာမှာ တောင်ကျရေက ပြင်းတော့ အရှိန်မထိမ်းနိုင်ဘဲ ချောင်းထဲသို့ မျောပါသွားတာ။ ကားမောင်းလာသူ ၂ ယောက်တော့ အန္တရာယ်ကင်းတယ်လို့ သိရတယ်” ဟု ဆိုသည်။
တေဘာကားမောင်းလာသူ ၂ ဦးမှာ အောင်မင်္ဂလာကျေးရွာမှ အသက် ၃၃ နှစ်အရွယ် ဝင်းမြတ်ထွန်း နှင့် အသက် ၄၁ နှစ်အရွယ် ပြည့်ဖြိုးအောင်တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိရက္ခိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုကြောင့် ဒီရေမြင့်တက်လာပြီး ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး ၊ ကျောက်တော် ၊ မင်းပြားနှင့် မြေပုံမြို့နယ်ရှိ မြေနိမ့်ရပ်ဝှမ်းဒေသတို့တွင် ရေကြီးရလျှံမှုများဖြစ်နေသည်။


