သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကျန်မိုင်းနင်းမိ၍ အမျိုးသား ၁ ဦး​ ခြေတစ်ဖက်ပြတ်ထွက်သွား

AB News – မတ် ၁၉ ၊ ၂၀၂၅

ရက္ခိုင်ပြည် ၊ မောင်တောမြို့ လသာရပ်ကွက်မှ အမျိုးသားတစ်ဦးသည် ငါးရှာသွားစဥ် စစ်ကျန်မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မတ်လ ၁၈ ရက်နေ့  နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ရွှေဇားချောင်းသို့ ငါးရှာသွားစဥ် စစ်ကျန်မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

”မနေ့က နေ့လည် လောက်မှာ ငါးရှာဖို့ ရွှေဇားချောင်းကိုသွားတာ။ အဲ့ဒီမှာ မိုင်းနင်းမိလို့ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့တယ်။ အဲဒီချောင်းကို ငါးရှာသွားလို့ မိုင်းနင်းမိတဲ့သူတွေလည်းရှိသေးတယ် ” ဟု ဆိုသည်။

မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားသူမှာ လသာရပ်ကွက်မှ အသက် ၄၄ နှစ်အရွယ် အဒူဟာလေ့ခ် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းမှာ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားသည့်အတွက် နီးစပ်ရာဆေးခန်း၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော်အချိန်တွင် မောင်တောမြို့ ၊ ရွှေဇား(အနောက်) မူဆလင်ကျေးရွာမှ မာမောက်ယာဆိမ့်သည် ရွာသားများနှင့်အတူ ငါးရှာသွားစဥ် ရွာအနောက်ဘက် ခြံစည်းရိုးနားအရောက်တွင် စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်နှင့် ဘယ်ဘက်မျက်စိဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတွင် စစ်ကျန်မိုင်းနင်းမိ၍ အသက်၂၅နှစ်အရွယ် ကိုမောင်ထွန်းအေး ဘယ်ခြေထောက်ပြတ်သွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ရက်နေ့ကလည်း ရွှေဇားဂုံးနားကျေးရွာမှ အသက် ၂၂နှစ်အရွယ် ဖေရုစ်ခါန် သည် မြေမြှပ်မိုင်းနင်းမိ၍ ပေါင်နှစ်ဘက်ပြတ်ထွက်ကာ သေဆုံးသွားခဲ့သည်။

မောင်တောမြို့၊ ၃မိုင်ရပ်ကွက်မှ အသက်၁၈နှစ်အရွယ် ကိုမောင်ထွန်းစိန်သည် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် မြေမြှပ်မိုင်းနင်းမိ၍ ညာခြေထောက်နဲ့ မျက်လုံးများတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီအဖွဲ့မှ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းများ မကြာခဏ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အရပ်သားပြည်သူများမှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြားလာနေသည်ကို တွေ့ရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့်လည်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များထောင်ခြင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။

ဓာတ်ပုံ-မိုင်းနင်းမိ၍ ခြေထောက်တဖက်ပြတ်သွားသည့် အမျိုးသားအား တွေ့ရစဥ်/APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ