သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီ၏ မိုက်ခရိုတောင်စခန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

ရက္ခိုင်ပြည်၊ မောင်တောအခြေစိုက်စစ်ကောင်စီ၏ မိုက်ခရိုတောင်စခန်းကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများက AB News သို့ အတည်ပြုပြောသည်။

မောင်တော-ဘူးသီးတောင် တောင်ကျော်လမ်းတွင်ရှိသည့်အကြမ်းဖက် စစ်ကောင်စီ၏ မိုက်ခရိုတောင်စခန်းကို AA က ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” မိုက်ခရိုတောင်ကို AA က သိမ်းပိုက်လိုက်ပါပြီ။ AA ကထိုးစစ်ဆင်တိုက်ခိုက်ဖို့လုပ်တော့ စစ်ကောင်စီတပ်သားတွေက စခန်းစွန့်ခွာပြီးထွက်ပြေးသွားတယ်” ဟုဆိုသည်။

အဆိုပါတောင်သည် ဘူးသီးတောင်-မောင်တောမြို့နယ် ၂ ခုအား တစ်ဖက်မှ ၈ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီ၏ အမြင့်ဆုံးတောင် အထိုင်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ကလည်း အာရက္ခတပ်တော်သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြားမှ အမ်းမြို့နယ် စွေ့ချောင်းဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် မောင်တောရှိ စစ်ကောင်စီ၏ အင်အားအများအပြားရှိသော ကျီးကန်းပြင်ဌာနချုပ်ကိုလည်း ဝိုင်းရံပိတ်ဆို့ထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

၎င်းကျီးကန်းပြင်ဌာနချုပ်ကို အမိန့်ပေးကွပ်ကဲနေသူမှာ ဗောဓိကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် အရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့အပြင် အာရက္ခတပ်တော်သည် အမ်းမြို့နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ကဇုကိုင်းအခြေစိုက် တောဟိန်းတောင်ဗျူဟာအပါအဝင် သံတွဲ၊ ဘူးသီးတောင်တို့ရှိ စစ်ကောင်စီ၏ စခန်းကုန်း၊ ဗျူဟာကုန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

လက်ရှိမောင်တောမြို့နယ်အတွင်း ကျန်ရှိနေသည့် စခန်းများမှာ ကျီးကန်းပြင်ဌာနချုပ်၊မောရဝတီဗျူဟာ၊ အင်းဒင်စခန်း၊ မြင်းလွှတ်နယ်ခြားစောင့်စခန်း ၊ ဥဒေါင်းနယ်ခြားစောင့်စခန်း၊ အလယ်သံကျော်စခန်း ၊ ပန်းဒိုးပြင်စခန်း၊ မကျည်းချောင်းစခန်း၊ မြို့သူကြီး နခခ(၅)၊ ပြင်ဖြူ နခခ(၁၀)၊ လှဖိုးခေါင်စခန်း၊ ပေါင်းဇားစခန်း၊ လပေါ်ဇားအနီးကြားစခန်းတို့ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ