
ABN-မေအိအိအောင်
ယခု ၂၀၂၃ ခုနှစ် မေလအတွင်း မျိုးဗီဇကွဲ ကိုဗစ် ကူးစက်ခံရသူ အတည်ပြုလူနာသစ် တစ်ရက်လျှင် ၈၀ နီးပါအထိ တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မေလ ၂ ရက်နှင့် မေလ ၃ ရက် ည ၈ နာရီအတွင်း ကိုဗစ်အတည်ပြု ရောဂါစစ်ဆေးချက် ၁၂၈၈၅ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်ကူးစက်ခံရသူ အတည်ပြုလူနာသစ် ၁၅၅ ဦးတွေ့ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇကွဲ အိုမီခရွန် ကိုဗစ်ကူးစက်မှုမှာ ပြီးခဲ့သည့် ဧပြီလတွင် ကူးစက်နှုန်း သိသိသာသာမြင့်တက်လာသည်ဟုလည်း ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။
လတ်တလောတွင် မျိုးကွဲ XBB.1.16 ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ ပြည်းတွင်း၌ အချင်းချင်းကူးစက်မှုများရှိသည့်အပြင် ပြည်ပမှ ပြည်တွင်းသို့ ဝင်ရောက်လာသူများထံမှလည်း ကိုဗစ်ကူးစက်မှုကိုတွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဧပြီလ သင်္ကြန်မတိုင်မီအချက်အလက်အရ ဧပြီ ၁ ရက်နေ့မှ ၇ ရက်နေ့တွင် ကိုဗစ်ကူးစက် လူနာ ၁၀ ဦး၊ ဧပြီ ၈ရက်နေ့မှ ၁၇ ရက်တွင် ကူးစက်လူနာ ၇၁ ဦးနှင့် ဧပြီ ၁၈ ရက်မှ ၂၉ ရက်အတွင်း လူနာ ၅၀၀ ဦးအထိမြင့်တက်ခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၁ ဦးရှိခဲ့သည်။